Sunday 17 May 2015

အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်ကို အမေရိကန်ဝင်ရောက် သတ်ဖြတ်

IS ခေါ် အစွန်းရောက်အစ္စလမ်သူပုန်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ကို အမေရိကန် Delta Force အထူးတပ်ဖွဲ့ဝင်တွေက ဆီးရီးယားနိုင်ငံအတွင်းထိ သောကြာနေ့ ညနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် ပြီး သတ်ဖြတ်လိုက်ပါတယ်။

အဲ့ဒီ IS ခေါင်းဆောင် အဘူ ဆေယက်ဖ် Abu Sayaf ကို လက်ရဖမ်းဆီးဖို့ကြိုးစားပေမယ့် တိုက်ပွဲဖြစ်ပွားရာ မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက IS သူပုန်တွေထိန်းချုပ်ထားတဲ့ Al-Omar ဆိုတဲ့မြို့က Abu Sayaf နေထိုင် ရာတပ်စခန်းကို အမေရိကန်အထူးတပ်ဖွဲ့ဝင် ၂ဝ ကျော်က Black Hawk ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက် စီးနင်း ခဲ့ရာမှာ သူပုန် ၁ဝ ဦးထက်မနည်းသေဆုံးခဲ့ပြီး အမေရိကန်ဖက်က ထိခိုက်မှုမရှိခဲ့ပါဘူး။

အဲ့ဒီစစ်ဆင်ရေးကို သမ္မတ အိုဘားမားရဲ့ကွပ်ကဲမှုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး IS အစွန်းရောက် မွတ်စလင် သူပုန်အဖွဲ့ကို အကြီးအကျယ်အထိနာစေတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter ကပြောပါတယ်။

RFA Burmese 

No comments:

Post a Comment