Sunday 17 May 2015

တောင်တရုတ်ပင်လယ်တွင် တရုတ်အပြုအမူများကြောင့် စိုးရိမ်မိသည်ဟု ကယ်ရီ ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ။ (ဓာတ်ပုံ - ရိုက်တာ)
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ဧရိယာများတွင် တရုတ်၏ မြေယာဖော်ယူရေး စီမံကိန်းများ၏ နေရာ အကျယ်အဝန်း နှင့် ပတ်သက် ၍ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက  ပြောကြား လိုက်သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကယ်ရီက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါး ၎င်းတို့ ပိုင်ဆိုင်သည် ဟု တရုတ်က ပြောကြားထားရာ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့က ပိုင်ဆိုင်ကြောင်း ပြောကြားမှုများနှင့် နယ်မြေချင်း ထပ်လျက်ရှိသည်။

၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် တရုတ်က သန္နိဋ္ဌာန်ချထားသည်ဟု မစ္စတာ ဝမ်က ပြောသည်။ မစ္စတာ ကယ်ရီသည် တရုတ်သမ္မတ ရှီကျင်ပင်းအပြင် အခြားအစိုးရ ထိပ်တန်းအရာရှိ များနှင့်တွေ့ရန် စီစဉ်ထားသည်။

တောင်တရုတ်ပင်လယ်တွင် အငြင်းပွားကျွန်းများတွင် တရုတ်က မြေယာဖော်ယူနေမှုများနှင့် ပတ်သက်၍ မစ္စတာကယ်ရီက ပြင်းထန်သည့် သတင်းစကားပေးရန် စီစဉ်ထားသည်ဟု အမေရိကန် အရာရှိများက ကြိုတင်ပြောကြားနေခဲ့သည်။ ခေတ်သစ် အမေရိကန်-တရုတ် ဆက်ဆံရေး၏ အားကောင်းသော အချက် တစ်ခုမှာ နှစ်ဘက်စလုံးက ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်သည်ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ကယ်ရီ က ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်က တင်းမာမှု လျော့ပါးရေး ဆောင်ရွက်သွားရန် မစ္စတာဝမ်မှ တဆင့် တရုတ်ကို တိုက်တွန်းခဲ့သည်။

အစည်းအဝေး မတိုင်မီကပင် တရုတ်က ၎င်း၏ အပြုအမူကို ထိန်းထိန်းသိမ်းသိမ်း ပြုမူသင့်သည်ဆိုသည့် ပြောကြားချက်များကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အမေရိကန်ကိုလည်း ခပ်ပါးပါးဖုံးထားသည့် ကြောင်သူတော် အဖြစ် စွပ်စွဲခဲ့သေးသည်။ အငြင်းပွားကျွန်းများတွင် စစ်ရေးအသုံးပြု နိုင်သော လေယာဉ်ပြေးလမ်းများကို တရုတ်က ဆောက်လုပ်နေခြင်းကြောင့် အင်အားချိန်ခွင်လျှာ ပြောင်းမည်ကို အမေရိကန်က စိုးရိမ် လျက်ရှိသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment