Monday 4 May 2015

တာချီလိတ်မြို့တွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ကျူးလွန်သူအား တစ်လကျော် ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အသတ်ခံရသည့် အသက်ခြောက်နှစ် အရွယ် မိန်းကလေးငယ်၏အမှုမှ ကျူးလွန်သူအား တစ်လကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိ သေးကြောင်း မေ ၃ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်အား သတ်သွားသည့် ကျူးလွန်သူကို တာချီလိတ်မြို့မ ရဲစခန်းက ဆုငွေ ကျပ်သိန်း (၂၀) ထုတ်ထားကြောင်း သိရသည်။ အလောင်းအား ထိုင်းနိုင်ငံ မဲဆိုင် ချောင်းတွင် ပြန်လည်တွေ့ရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံ မဲဆိုင်ရဲစခန်းနှင့် ပူးပေါင်းကာ ကျူးလွန်သူကို ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း တာချီလိတ်ရဲစခန်းမှ စုံစမ်းသိရသည်။

“ဒီအမှုက ကျူးလွန်သူလို့ သံသယရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကိုတော့ စစ်ဆေးပြီးသွားပြီ။ အခုတော့ သူတို့နှစ်ယောက်စလုံးကို ပြန်လွှတ်ပေးလိုက်ပါပြီ။ မြန်မာ-ထိုင်း နှစ်နိုင်ငံက ရဲတွေပူးပေါင်းပြီး တော့ တရားခံကို ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်။ ကောင်မလေးကို သတ်သွားတဲ့သူကို ဖမ်းမိရင်တော့ သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက မေ ၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းအသတ်ခံရသည့် မိန်းကလေးသည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း၊ အိမ် အမှတ် (၂/၁၈၇) တွင် နေထိုင်သည့် ဦးစိုင်းရီတစ်နှင့် ဒေါ်နန်းဖုန်တို့၏ သမီးဖြစ်သူ မနန်းဖွေဟွမ်ဖြစ်ပြီး ပြီးခဲ့ သည့် မတ် ၂၇ ရက်တွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့သည့်အတွက် သက်ဆိုင်ရာရဲစခန်း၌ လူပျောက်တိုင်တန်းထားခဲ့ကြောင်း သိရသည်။

မတ် ၃၀ ရက် ညနေပိုင်းတွင် အဆိုပါ မိန်းကလေး၏ ရုပ်အလောင်းအား မဲဆိုင်ချောင်းတွင် မြွေရေခွံအိတ် အစိမ်းအတွင်း တရုတ်စောင်ဖြင့်ပတ်လျက် လည်ပင်းတွင် ကြိုးချည်ထားသော ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။

ယင်းမိန်းကလေးငယ်သည် ကိုယ်တွင်းကလီစာများ ထုတ်ယူခြင်းခံရပြီး အသတ်ခံရခြင်းဖြစ်ကြောင်း သတင်း များ ပျံနှံ့နေသည့်အတွက် မြို့ခံပြည်သူများကြားတွင် စိုးရိမ်ထိတ်လန့်နေမှုများ ရှိနေကြောင်း သိရ ပြီး၊ အဆိုပါ သတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းက ကောလာဟလများသာ ဖြစ်သည်ဟု ပြန် လည် ဖြေရှင်းထားသည်။

တာချီလိတ် ပြည်သူ့ဆေးရုံ၏ ရင်ခွဲစစ်ဆေးချက်များအရ ယင်းမိန်းကလေး၏ လည်ပင်းတွင် ကြိုးကွင်းအရာ ထင်ကျန်နေကြောင်း၊ ရေထဲတွင် အချိန်ကြာမြင့်စွာ နစ်မြုပ်ခဲ့သည့်အတွက် ရေများစိမ့်ဝင်ကာ ခန္ဓာကိုယ် ဖောင်းကားနေသည့် ပုံပန်းသဏ္ဌာန်သာ တွေ့ရပြီး ကိုယ်တွင်းအင်္ဂါ အစုံအလင် ပါရှိကြောင်း စစ်ဆေးချက် များအရ သိရသည်။

အဆိုပါအမှုကို တာချီလိတ်မြို့မရဲစခန်းက (ပ) ၇၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment