Monday 4 May 2015

ထိုင်းတွင် လုပ်အားခတောင်းသည့် မြန်မာလေးဦးကို အလုပ်ရှင်က သေနတ်ဖြင့် ပစ်ခတ်

ထိုင်းနိုင်ငံ ဆူရတ်ဌာနီမြို့ရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလေးဦးသည် ၎င်းတို့ရရှိမည့် လုပ်အားခကို တောင်းရာ အလုပ်ရှင်က လုပ်ခမပေးဘဲ သေနတ်ဖြင့် ပစ်ခတ်သဖြင့် မြန်မာတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။
ဆူရတ်ဌာနီလေဆိပ် အနောက်ဘက်ရှိ ရော်ဘာခြံတွင် အလုပ်လုပ်သည့် အဆိုပါ မြန်မာလေးဦးကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရှင်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် မြန်မာအလုပ်သမားတစ်ဦး၏ ပခုံး ထုတ်ချင်းပေါက်သွားခဲ့ပြီး အဆိုပါ လေးဦးမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

“သေနတ်နဲ့ ရှစ်ချက်ပစ်သွားတယ်။ ကံကောင်းလို့ မသေကြတာ” ဟု ကာယကံရှင်များ၏ တိုင်ကြားချက်ကို ကိုးကားက ၎င်းက ပြန်လည်ပြောဆိုသည်။
အဆိုပါ မြန်မာအလုပ်သမား လေးဦးသည် ရော်ဘာသစ်တုံးများကို ထမ်းသည့် အလုပ်လုပ်ကိုင်ကြပြီး ဘာကူအမည်ရ အလုပ်ရှင်ထံတွင် လွန်ခဲ့သည့် ခုနစ်ခန့်မှ စတင်ကာ အလုပ်လုပ်ကိုင်သူများ ဖြစ်ကြောင်း၊ ရော်ဘာခြံ တစ်ခြံကို ရှင်းလင်းပြီးတိုင်း လုပ်အားခပေးရာ သင်္ကြန်မတိုင်ခင်က ရှင်းထားသည့် ရော်ဘာခြံတစ်ခြံအတွက် လုပ်အားခ မရရှိသေးကြောင်း ဦးကျော်သောင်းက ရှင်းပြသည်။
မြန်မာလေးဦးသည် ခြံတစ်ခြံအတွက် လုပ်အားခ ဘတ်သုံးသောင်းကို အလုပ်ရှင်က မပေးသေးသဖြင့် မေလ ၂ ရက်နေ့က အလုပ်မဆင်းဘဲ ခြံထဲတွင် နေထိုင်နေစဉ် အလုပ်ရှင်က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းရဲဌာနချုပ် သို့မဟုတ် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများက ဖြေရှင်းပေးရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တောင်းဆိုပေးရန် မေလ ၄ ရက်နေ့တွင် မြန်မာသံရုံး တာဝန်ရှိသူများထံ သွားရောက်တင်ပြမည် ဖြစ်ကြောင်း MAT ထံမှ သိရှိရသည်။
“ရာဇဝတ်မှုကို မြန်မာအစိုးရ တိုက်ရိုက်ကိုင်မှ ကောင်းတာ။ မနက်ဖြန် သံရုံးကို သွားပြီး အကူအညီတောင်းမယ်” ဟု ဦးကျော်သောင်းက ပြောဆိုသည်။
၂၀၁၅ နှစ်ဆန်းပိုင်းကလည်း ဆူရတ်ဌာနီလေဆိပ် အနောက်ဘက်ရှိ ရော်ဘာခြံတစ်ခြံတွင် မြန်မာအလုပ်သမားသုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့သော်လည်း တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း MAT ထံမှ သိရှိရသည်။
“ထိုင်းမှာ မြန်မာတွေ အသတ်ခံရရင် တရားခံပေါ်တယ်ဆိုတာ မရှိဘူး” ဟု ဦးကျော်သောင်းက ပြောဆိုသည်။
လုပ်အားခကိုတောင်း၍ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မြန်မာလေးဦးမှာ တရားဝင် အထောက်အထားများ ကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း MAT ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment