Monday 4 May 2015

ဘွားအေတစ်ယောက်၏ ပထမဆုံး အမျိုးသမီး သမ္မတ တစ်ယောက် ဖြစ်လာရေး ခရီးကြမ်း

၂၀၁၅ ခုနှစ်၊ ဧပြီလမှာ ဟီလာရီ၏ အကြံပေးပုဂ္ဂိုလ်က ဟီလာရီကလင်တန်သည် ၂၀၁၆ ခုနှစ်မှာ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို အသိပေး ကြေညာ လိုက်ပါသည်။

တကယ်တော့ ဒီသတင်းက အံအားသင့်စရာတော့ မကောင်းလှပါ။ ၂၀၁၃ ခုနှစ်မှာ ဟီလာရီက နိုင်ငံခြား ရေး ဝန်ကြီး ရာထူး ပထမသက်တမ်း အပြီးမှာ အောင်မြင်နေပါလျှက် ဒုတိယသက်တမ်းကို မထမ်းဆောင်ပဲ ရာထူးကနေအနားယူလိုက် ကတည်းက သမ္မတ အဖြစ်အရွေးခံဖို့ ပြင်ဆင်နေပြီဆိုသည့် သတင်းတွေက ပေါ်ထွက်လာတာ ဖြစ်ပါသည်။

သို့သော်လည်း ဟီလာရီကသူ သမ္မတ အရွေးခံမည်ဟု ချက်ချင်းမပြောကြားခဲ့ပဲ အချိန်ယူ စဉ်းစားပါမည်ဟု ဆိုကာ သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်မွေးဖွားသည့် မြေးမလေး၏ အဘွားတစ်ယောက်အဖြစ် ပျော်ရွှင် ကျေနပ်စွာ အချိန်ဖြုန်းခဲ့သည်။ အချိန်ဖြုန်းရင်း၊ အားမွေးရင်းဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို  ၀င်ရောက်ရန်သင့် မသင့် အချိန်ယူစဉ်းစားဆုံးဖြတ်ခဲ့ရသည်။

သူ့လို နိုင်ငံရေးမှာ သြဇာတိက္ကိမကြီးသော အမျိုးသမီးတစ်ယောက်က အနိုင်ရရန်အလားအလာရှိသည့် သမ္မတ ရွေးကောက်ပွဲကို ၀င်ရန် ဒီလောက်စဉ်းစားစရာ လိုသလားဟု မေးစရာရှိပါသည်။ ဒီအချိုးအကွေ့ သည် ဟီလာရီအတွက် အတော်အရေးပါသည်။ အခန့်မသင့်ပါက ရှိထားပြီးသည့် အောင်မြင်မှုများကိုပါ ထိခိုက်နိုင်သည်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ဖြစ်သဖြင့်လည်း ကြုံရသည့်အခက်အခဲတွေက ပိုကြီးပါသည်။

အားလုံးသိကြသည့်အတိုင်း သမ္မတ ရွေးကောက်ပွဲမှာ ဟီလာရီက ပထမအကြိမ်မှာလည်း အထိနာခဲ့ဖူးပါ သည်။ ၂၀၀၈ ခုနှစ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း နေရာကိုလက်ရှိ သမ္မတ အိုဘားမားနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့စဉ်က ဟီလာရီ ရှုံးနိမ့်ခဲ့ဖူးပါသည်။ ထိုစဉ်က လူရောငွေရော သူဘယ်လောက် အထိနာ ဆုံးရှုံးခဲ့ရသလဲဆိုတာကို သူရေးသားခဲ့သော Hard Choices စာအုပ်မှာ ဟီလာရီက ၀န်ခံရေး သားခဲ့ပါသည်။

သို့သော်လည်း အရည်အချင်းရှိသော ဟီလာရီကို သမ္မတ အိုဘားမားက လက်လွှတ်မခံခဲ့။ နိုင်ငံခြား ရေးဝန်ကြီး ရာထူးပေးကာ သူ၏ အစိုးရအဖွဲ့မှာ တာဝန်ယူထမ်းဆောင်စေသည်။ ဟီလာရီကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများတွင်  အကောင်းဆုံးဝန်ကြီး တစ်ဦးအဖြစ် ထူးထူးချွန်ချွန် တာဝန် ထမ်းဆောင်နိုင်ခဲ့သည်။

သို့သော် ဟီလာရီလျှောက်ရမည့် အမေရိကန်နိုင်ငံ၏ အမျိုးသမီး သမ္မတ တစ်ဦးဖြစ်လာရေး လမ်းခရီးက ပန်းခင်းသောလမ်းလို ချောမွေ့နေသည့် လမ်းမဟုတ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ အားကောင်းသော သမ္မတလောင်းဟု ထောက်ခံသူတွေ တစ်ပုံကြီးရှိသလို ပြဿနာတွေကလည်း တစ်ပုံကြီး ရှိနေဆဲပင်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အနားမယူစဉ်ကပင် ဟီလာရီမှာ၂၀၁၂ ခုနှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမှာ ဖြစ်ပွားခဲ့သည့် အမေရိကန် သံအမတ်သေဆုံးခဲ့ရသော အမေရိကန်သံရုံးတိုက်ခိုက်ခံရမှုမှာ တာဝန်ရှိသူအဖြစ် လွှတ်တော်မှာ ကြားနာစစ်ဆေးမှုကို ခံယူခဲ့ရသည်။ လွှတ်တော်တွင် အပြစ်တင်မှု အမျိုးမျိုးနှင့် စွပ်စွဲချက်တွေကြားမှာ မိန်းမသားဖြစ်သော ဟီလာရီမှာ မျက်ရည်ပေါက်ကြီးငယ် ကျသည်အထိ ဖြေရှင်းခဲ့ရပါသည်။

 “အဲဒီပြဿနာကကျွန်မအတွက် ပေါ်လစီအရလုပ်ရတဲ့ကိစ္စသက်သက်မဟုတ်ပါဘူး။ သူတို့ရဲ့ အလောင်း တွေကို အမေရိကန်အလံနဲ့ အုပ်ပြီး အင်ဒရူးလေဆိပ်ကို သယ်လာတုန်းက သူတို့ရဲ့ အမေတွေ အဖေတွေ၊ သားတွေ သမီးတွေ၊ ကလေးတွေကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရတော့မယ့် သူတို့ရဲ့ဇနီးတွေကို ကျွန်မ ဖက်ပြီး နှစ်သိမ့်ခဲ့ပါတယ်။" ဘန်ဂါဇီ အမှုပြီးသွားသည်မှာပင် သိပ်မကြာသေး။ နောက်ထပ် ကြောက်စရာကောင်းသော စွပ်စွဲချက်တစ်ခုက ထပ်ပေါ်လာပြန်ပါသည်။

ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး ဘဝတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မေးလ်ကို မသုံးပဲ ကိုယ်ပိုင်အီးမေးလ်ကိုသာ သုံးခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရဌာန၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သူအဖြစ် ပြင်းထန်သော စွပ်စွဲချက်များပေါ်ထွက်လာသည်။

ဟီလာရီကတော့ ကိုယ်ပိုင်အီးမေးလ်ကို သုံးစွဲသည်မှာ လုံခြုံရေးအတွက်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဘဝက သုံးစွဲထားသော အီးမေးလ် အားလုံးကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်ပါပြီဟု ကာကွယ် ဖြေရှင်းခဲ့ပါသည်။ ဟီလာရီအပေါ် အမျိုးမျိုး ပြစ်တင်စွပ်စွဲချက်တွေက ဒီလောက်မျှနှင့် မပြီးဆုံးသေး။

သွေးဆုံးစပြုနေပြီဖြစ်သော အမျိုးသမီးတစ်ဦးက သမ္မတ လုပ်မှာလားဟု အမျိုးသမီးတို့၏ မွေးရာပါ အားနည်း ချက် များကို လှောင်ပြောင်ကဲ့ရဲ့ ပြစ်တင် သံများကလည်း ပေါ်ထွက်နေပါသည်။

တကယ်တော့ ကမ္ဘာမှာ လူ့အခွင့်အရေးနှင့် ပတ်သက်လာလျှင် ထိပ်တန်းအခြေအနေမှာ ရှိနေပါသည်ဆို သည့် အမေရိကန်လိုနိုင်ငံကြီးမှာပင် အမျိုးသမီးတစ်ဦး သမ္မတ တစ်ယောက်ဖြစ်လာဖို့ဆိုသည်ကား လွယ် ကူလှသော အခြေအနေမဟုတ်။ သို့သော် ဒီအခက်အခဲအတားအဆီးတွေကို ကြံ့ကြံ့ခံပြီး သူလိုချင်သော ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းဖို့ သမ္မတ ရွေးကောက်ပွဲကို သူယှဉ်ပြိုင်တော့မည်ဟု ဟီလာရီက စိန်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။

အသက် ၆၇ နှစ် ရှိပြီဖြစ်သော ဟီလာရီသည် ငယ်စဉ်က ရွှေဇွန်းကိုက်ကာကြီးလာသူ မဟုတ်ပါ။

အယ်လီနွိုက်စ်ပြည်နယ်က သာမန်လူလတ်တန်းစား မိသားစုက မွေးဖွားလာသူ ဖြစ်သည်။ ထူးထူးခြားခြား ပြောစရာရှိသည်ကား ဟီလာရီကို ယခုလိုဖြစ်လာအောင် ပြုစုပေးခဲ့သည့် မိခင်ဖြစ်သူ ဒေါရသီရောဒန် ဖြစ်ပါသည်။ ဒေါရသီ၏ ဘဝကားကြမ်းတမ်းလွန်းခဲ့သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါးက စွန့်ပစ်တာခံခဲ့ရပြီး မတတ်သာလို့ စောင့်ရှောက်ခဲ့ရသော အဘိုးအဘွားများနှင့် နေခဲ့ရသည်။

ကလေးဘ၀မှာ အနှိပ်စက်ခံနှင့် မေတ္တာငတ်မွတ်စွာ ကြီးပြင်းလာခဲ့သော ဒေါရသီကအသက် ၁၄ နှစ် ရောက် လာ သောအခါ အဘိုးအဘွားများဆီကနေ ထွက်ပြေးခဲ့သည်။ ကြင်နာတတ်သော အမျိုးသမီး တစ် ယောက် ဆီမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ပြီး သူ့ဘ၀ကို သူရပ်တည်ခဲ့သည်။ ထို့နောက် ဟီလာရီဖခင်ဖြစ် လာမည့် သူနှင့်တွေ့ဆုံ လက်ထပ်ကာ ဟီလာရီနှင့် မောင်ငယ်နှစ်ဦးအတွက် မိခင်ကောင်းတစ်ဦး ဖြစ်လာခဲ့သည်။

ဟီလာရီသည် ငယ်စဉ်ကတည်းက စာတော်သော ကျောင်းသူ တစ်ဦးဖြစ်သည်။ ၀က်စလေကောလိပ်နှင့် ယေးလ်ဥပဒေ ကျောင်းကို တက်ရောက်ပညာသင်ကြားခဲ့သည်။ ယေးလ်မှာပညာသင်ကြားနေစဉ် အတန်းဖော်ဘေလ်ကလင်တန်နှင့် ဆုံဆည်းခဲ့သည်။ ၁၉၇၅ ခုနှစ်မှာကလင်တန်နှင့် လက်ထပ်ပြီး သမီး ချယ်လဆီး ကလင်တန်ကို မွေးဖွားခဲ့ပါသည်။ သို့သော်တစ်ချိန်တည်းမှာပင် အောင်မြင်သော ဥပဒေ ပညာရှင် အဖြစ် ဥပဒေလုပ်ငန်း အမျိုးမျိုးတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၉၃ ခုနှစ် ကလင်တန် သမ္မတ ဖြစ်လာသောအခါ  ဟီလာရီကလည်း သမ္မတ ကတော် ဖြစ်လာခဲ့သည်။ သို့သော် သမ္မတ ကတော် တစ်ဦး ဖြစ်သော်လည်း အိမ်ထောင်ရှင် အမျိုးသမီးများကြုံရသည့် ခင်ပွန်းဖြစ်သူ ၏ အိမ်ထောင်ရေး ဖောက်ပြန်မှုဒဏ်ကို ခါးစည်းခံခဲ့ရသည်။ အိမ်ဖြူတော် အလုပ်သင်အမျိုးသမီး ဝန်ထမ်း မော်နီကာလူဝင်စကီးနှင့် ခင်ပွန်းဖြစ်သူတို့၏ အကျော်ဒေယျဇာတ်လမ်းများကြောင့် အရှက်ကွဲခဲ့ရသည်။ သို့သော် သမ္မတ ကတော် တစ်ဦးအနေဖြင့်ရော အိမ်ထောင်ရေးကို မပြိုကွဲစေလိုသော အမျိုးသမီး တစ်ယောက်အနေနှင့် ရောဟီလာရီက ထိုကိစ္စကိုသိမ်မွေ့စွာ ဖြေရှင်းခဲ့သည်။ ခင်ပွန်းဖြစ်သူဘက်မှ ရပ်တည် ပေးခဲ့သည်။ ဟီလာရီကမော်နီကာနှင့် ပတ်သက်ပြီး ရုပ်မြင်သံကြား မေးမြန်းခန်းတစ်ခုမှာ “ကျွန်မ သူ့ကို ခွင့်လွှတ်ပါတယ်။ အခုအချိန်မှာ သူ့ဘ၀ဖြောင့်ဖြူးစွာ ရှေ့ဆက်လျှောက်လှမ်းနိုင်ပါစေလို့ပဲ ကျွန်မဆုတောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

ခင်ပွန်းဖြစ်သူ ဘေလ်ကလင်တန်အတွက် ဇနီးကောင်းတစ်ယောက်၊ သမီးဖြစ်သူ ချယ်လဆီးအတွက် မိခင်ကောင်းတစ်ယောက်၊ မြေးဖြစ်သူ ရှားလော့တ်၏ အဘွားဖြစ်သူ ဟီလာရီက ယခုအခါ အမေရိကန်၏ အမျိုးသမီး သမ္မတ တစ်ယောက်ဖြစ်ရေးအတွက် အမေရိကန်နိုင်ငံအနှံ့မှာ မဲဆွယ်လှုပ်ရှားမှုတွေ ပြင်ဆင် နေပါပြီ။

အမေရိကန် သမ္မတနေရာအတွက် ဒုတိယအကြိမ်ယှဉ်ပြိုင်ဖို့ ကြိုးစားရာမှာ အမေရိကန်က အမျိုးသမီးထု၏ အင်အားကို ရယူရန် ဟီလာရီက ပြင်ဆင်နေပါသည်။ အမျိုးသမီးအများစုကလည်း ဟီလာရီကို မဲထည့်ဖို့ အဆင်သင့်ဖြစ်နေပါပြီဟု မေရီလန်းပြည်နယ်က မ၀ါဝါကပြောပါသည်။

“၂၀၁၆ မှာ ဘယ်သူ့ကို မဲထည့်မလဲဆိုတော့ ဟီလာရီပါပဲ။ တခြား အမျိုးသား သမ္မတလောင်းတွေထက် သူကအရည်အချင်း အပြတ်သာမယ်လို့ ယုံကြည်တယ်။ အမျိုးသားနဲ့ အမျိုးသမီး တစ်ယောက်ရာထူး အတူတူ ယူထားကြတယ်ဆိုရင် အမျိုးသမီးက အဲဒီအမျိုးသားထက် ပိုသာတယ်ဆိုတာ ပြောစရာကို မလို ဘူး။ ဘာလို့လဲဆိုတော့ တစ်ချိန်တည်းမှာကို သူကအိမ်ထောင့် တာဝန်ကိုရော ယူထားရသေးလို့ပါ။” 

Mizzima - News in Burmese 

No comments:

Post a Comment