Monday 4 May 2015

သမီးတော်လေး မွေးဖွားလာမှုအတွက် အမြောက်ပစ်ဖောက် ဂုဏ်ပြုရန် ဗြိတိန် အမြောက်တပ်ဖွဲ့ စီစဉ်

ဗြိတိန် တော်ဝင်မိသားစုတွင် သမီးတော်တစ်ပါး ဖွားမြင်လာမှုကို ဂုဏ်ပြုသည့် အနေဖြင့် တော်ဝင် အမြောက်တပ်ဖွဲ့က လန်ဒန်မြို့တွင် အမြောက်များပစ်ဖောက် ဂုဏ်ပြုသွားမည်ဟု သိရှိရသည်။
ဟိုက်ဒ်ပါ့ခ်နှင့် လန်ဒန်မျှော်စင် အနီးတဝိုက်တွင် မေလ ၄ ရက် ညနေပိုင်းတွင် အမြောက်များ ပစ်ဖောက်ပြီး ကိန်းဘရစ်ဂ်ျ နယ်စား ဇနီးမောင်နှံ၏ ရင်သွေးလေးအတွက် ဂုဏ်ပြုမည်ဟု တော်ဝင် အမြောက်တပ်ဖွဲ့က ကြေညာခဲ့သည်။

 မင်းသားဝီလျံနှင့် မင်းသမီး ကက်သရင်းတို့၏ ဒုတိယရင်သွေးဖြစ်သည့် မင်းသမီးငယ်လေးသည် မေလ ၂ရက်က ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ မိဘများက သမီးတော်လေးအတွက် အမည်သတ်မှတ် မပေးရသေးဟုလည်း ဆိုသည်။

ဝေလမင်းသား ချားလ်စ်တို့ ဇနီးမောင်နှံသည် မေလ ၃ရက်တွင် ကင်ဆင်တန် နန်းတော်သို့ သွားရောက်ပြီး မြေးတော်လေးကို တွေ့ဆုံခဲ့သည်။ မင်းသမီးလေး၏ ဦးလေးတော်စပ်သူ မင်းသားဟယ်ရီမှာမူ စစ်မှုထမ်း တာဝန်ဖြင့် ဩစတြေးလျသို့ ရောက်ရှိနေသဖြင့် တူမလေးကို လူချင်းတွေ့ဆုံခွင့် မရသေးချေ။ ၎င်းက မိမိ၏ တူမလေးသည် အလွန်လှပ ချောမောကြောင်း ချီးကျူးခဲ့ပြီး သွားရောက်တွေ့ဆုံရန် မစောင့်နိုင်အောင် ဖြစ်နေမိကြောင်း ပြောကြားခဲ့သည်။

ဗြိတိန် တော်ဝင်မိသားစုတွင် ထီးမွေးနန်းဆက် မင်းသား၊ မင်းသမီးငယ်များ မွေးဖွားလာတိုင်း အမြောက်များ ပစ်ဖောက် ဂုဏ်ပြုသည့် အစဉ်အလာ ရှိခဲ့ပြီး ယခုမင်းသမီးလေး၏ အစ်ကိုဖြစ်သူ မင်းသားလေး ဂျော့ဂ်ျ ဖွားမြင်စဉ်ကလည်း တော်ဝင်အမြောက်တပ်ဖွဲ့က ဂုဏ်ပြုအမြောက်များ ပစ်ဖောက်ခဲ့သည်။

 BBC

No comments:

Post a Comment