Monday 4 May 2015

စာနယ်ဇင်း သမားများ၏ လုံခြုံရေးကို ထိခိုက်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို ထိခိုက်ကြောင်း ဦးရဲထွဋ်ပြော

          စာနယ်ဇင်း သမားများ၏ လုံခြုံရေးကို ထိခိုက် စေသော ယခင်က အဖြစ်အပျက် များမှာ နိုင်ငံ့ပုံရိပ်ကို ထိခိုက်မှု ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

           ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ NOVOTEL Hotel ၌ ပြုလုပ်သည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


          ““ကျွန်တော်တို့ အနေနဲ့ နောက်နောင်ကို ဒီလိုမျိုး အဖြစ်အပျက် မျိုးတွေ ထပ်မဖြစ်အောင် အားလုံးဝိုင်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်””ဟု ဦးရဲထွဋ်က ပြောသည်။

          ပြီးခဲ့သည့် လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းစဉ်က မည်သည့်ဘက်မှ မလိုက်ဘဲ သတင်းသိပိုင်ခွင့် အတွက် သတင်းရယူကြသည့် မီဒီယာသမား အချို့အား ရိုက်နှက် ဖမ်းဆီးမှုများ ရှိခဲ့သည့်အပြင် ရွှေပြည်သာ စက်မှုဇုန်အလုပ်သမားများ၊ ဒညင်းကုန်း လမ်းဆုံ၌ ဆန္ဒထုတ်ဖော် သည်ကို သတင်းရယူသည့် သတင်းသမား အချို့အား ခေတ္တဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့သည်။

          ““ကျွန်မတို့နိုင်ငံရဲ့ သတင်းသမားတွေ မီဒီယာဥပဒေ၊ နည်းဥပဒေတွေ အတိုင်း အမှန်တကယ် ဆောင်ရွက်နိုင်ဖို့ ဆိုရင် လက်ရှိ တာဝန် ယူထားတဲ့ အစိုးရ အဖွဲ့အပေါ်မှာသာ မူတည် နေပါတယ်””ဟု အထက်ပါ အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောကြားသည်။

          မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် နှင့်စပ်လျဉ်း၍ ကမ္ဘာ့အဖွဲ့အစည်းပေါင်း တစ်ဒါဇင်ခန့်က အညွှန်းကိန်းများ အမျိုးမျိုး သတ်မှတ်ပြ နေခြင်းသည် လွတ်လပ်မှုဆိုသည့် စကားလုံး တစ်လုံးအပေါ်၌သာ မူတည် စဉ်းစားခြင်းဖြစ်ကာ သတင်းများ၏ အရည်အသွေးပိုင်းကို မေ့လျော့ ထားကြောင်း ဦးရဲထွဋ်က ထည့်သွင်း ပြောကြားခဲ့သည်။

          ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို မြန်မာနိုင်ငံ၌ (၄)ကြိမ်မြောက် လက်ခံ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ လက်ရှိတွင် သတင်း သမား (၁၂)ဦးတို့မှာ မလွတ်လပ်သည့် အချုပ်အနှောင် များဖြင့် ပြစ်ဒဏ် ချမှတ်ခံထား ရကြောင်း မီဒီယာ အသိုက်အ၀န်းက မှတ်ချက်ပြု ပြောကြားမှု များလည်း ရှိနေသည်။
messengernewsjournal.com

No comments:

Post a Comment