Monday 4 May 2015

အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းမှ ငါးထုတ်လုပ်ရောင်းချခြင်း သုံးလခန့် ရပ်နားမည်

ရေဆိုးဝင်ရောက်မှုများကြောင့် အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းအတွင်းမှ ငါးဖမ်းယူထုတ်လုပ်ရောင်းချခြင်းအား သုံးလခန့် ရပ်နားမည်ဖြစ်ကြောင်း အင်းသူကြီးထံမှ သိရသည်။
လက်ရှိတွင် ရေဆိုးဝင်ရောက်မှုကြောင့် တောင်သမန်အင်း မြောက်ဘက်ခြမ်းတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မြောက်အင်းဘက်မှ ကျန်ရှိငါးများကို ဖမ်းယူရောင်းချခြင်း မပြုလုပ်တော့ဘဲ ငါးများ တောင်ဘက်အင်းအတွင်း ရောက်ရှိမလာစေရန် ယင်းလိပ်ကာရံ၍ တောင်ဘက်အင်းအတွင်းရှိ ငါးများကိုသာ ဖမ်းယူရောင်းချလျက်ရှိပြီး မကြာမီ ငါးသားပေါက်ရာသီ ရောက်ရှိတော့မည်ဖြစ်သောကြောင့် တောင်ဘက်အင်းအတွင်းမှ ငါးဖမ်းဆီး ထုတ်လုပ်ရောင်းချမှုများကိုလည်း သုံးလခန့် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ် ငါးသေဆုံးမှု မဖြစ်တဲ့ တောင်အင်းဘက်ကငါးတွေကို ဈေးကွက်ထဲ ဖြန့်နေရတာပါ။ တောင်အင်းဘက်က ငါးထုတ်လုပ်မှုကိုလည်း မကြာခင် ရပ်နားသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ငါးသေဆုံးမှုတွေလည်းဖြစ်၊ ငါးသားပေါက်ရာသီလည်း မကြာခင် ရောက်တော့မှာဆိုတော့ ငါးတွေကိုလျှော့ချတဲ့ သဘောပါပဲ။ ပုံမှန်ဆိုရင် အင်းထဲကို ငါးထပ်လွှတ်ဖို့နဲ့ သားပေါက်ချဖို့ ရှိတယ်။ အခု အဲဒါတွေကို ရပ်ထားပြီး ငါးဖမ်းတာတွေကိုလည်း ရပ်ထားမယ်။ ငါးရစ် ငါးသန် သားပေါက်ရာသီ ဖြစ်တဲ့အတွက် ရပ်ကိုရပ်ရမှာပါ။ အင်းထဲကနေ ငါးဖမ်းပြီး ဈေးကွက်တင်ပို့မှုကို သုံး၊ လေးလလောက်အထိ ရပ်နားသွားမှာပါ” ဟု တောင်သမန်အင်းသူကြီး ဦးချစ်ခိုင်က ပြောကြားသည်။
ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အင်းအတွင်းမှ ငါးထုတ်လုပ်မှုများ လျော့ကျခဲ့ပြီး ယခင်တစ်ရက်လျှင် ပိဿာချိန် ၄၀၀၀ ထွက်ရှိရာမှ ယခုအခါ ပိဿာချိန် ၄၀၀ ခန့်သာ ထွက်ရှိကြောင်း သိရသည်။
“အခုထွက်ရှိတဲ့ ပိဿာချိန် ၄၀၀ လောက်ကို မဖမ်းဘဲ ရပ်ရတော့မယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ဘက်အင်းမှာ ရေပြန်တိုးပြီး ငါးလွှတ်လို့ ရခဲ့မယ်ဆိုရင် မျိုးမကျန်ဘဲ နောင်နှစ်ထုတ်လုပ်မှု လျော့ကျသွားမှာ စိုးတဲ့အတွက် ဖမ်းဆီးထုတ်လုပ် ရောင်းချမှုကို မဖြစ်မနေ ရပ်ရတော့မှာပါ” ဟု ဦးချစ်ခိုင်က ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ တောင်သမန်အင်းအတွင်း ငါးဖမ်းဆီး ထုတ်လုပ်ရောင်းချခွင့်အတွက် တစ်နှစ်လျှင် ငွေကျပ်သိန်း ၅၀၀၀ ပေးဆောင်၍ လုပ်ကိုင်ရကြောင်း၊ အင်းအတွင်း အဓိက တီးလားဗီးယား ငါးအမျိုးအစားများအပြင် ငါးခူ၊ ငါးဘတ်နှင့် အခြားငါးအမျိုးအစားများ မွေးမြူ ထုတ်လုပ် ရောင်းချလျက်ရှိပြီး မန္တလေးမြို့၏ ငါးစားသုံးမှုကို တောင်သမန်အင်းမှ ထွက်ရှိသော ငါးဈေးကွက်မှ ရာခိုင်နှုန်း ၈၀ ကျော် ပံ့ပိုးအထောက်ကူပြုလျက်ရှိကြောင်း သိရသည်။

Myanmaalinn

No comments:

Post a Comment