Monday 4 May 2015

‘၀’ ဒေသ ပန်ဆန်းမြို့ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သော ဒေသအား ခရီးသွားများ လေ့လာလည်ပတ်နိုင်သည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်နေ

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့ ပတ်ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သည့် ဒေသ အား ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာလည်ပတ်နိုင်မည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်မှုများ ရှိနေကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ဒီဒေသက ပန်ခမ်းမြို့နားမှာပဲရှိတာပါ။ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို အုပ်စိုးတဲ့ခေတ်တုန်းက ဘိန်းမျိုး စေ့တွေ သယ်လာပြီး ဒီနေရာမှာ စတင်စိုက်ပျိုးစေခဲ့တာပါ။ အခုတော့ ဒီနေရာ ဒီဒေသဟာ ဘိန်းကင်းစင် ဒေသဖြစ်နေပါပြီ။ ‘၀’ ဒေသကို ဘိန်းကင်းစင်တဲ့ ဒေသအဖြစ် ၂၀၀၅ ခုနှစ် ဇွန်လမှာ ကမ္ဘာသိကြေညာ နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခု ဒီဒေသကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်လေ့လာ လည်ပတ်နိုင်မယ့် နေရာအဖြစ် ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒီဒေသမှာ အင်္ဂလိပ်ခေတ်က တည်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်ရှိတဲ့ ဘုရားပုထိုးဟောင်းတွေလည်း ရှိပါတယ်။ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀တွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်” ဟု ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ မီဒီယာ ဆက်ဆံရေး တာဝန်ယူထားသူ မယနန်းဆွန်းက ပြောကြားခဲ့သည်။

အဆိုပါဒေသသည် ပန်ဆန်းမြို့(ပန်ခမ်း)မြို့ အနီးအနားတွင်ပင် တည်ရှိပြီး လက်ရှိတွင် ယခင်က ဘိန်းစိုက် ပျိုးရာ နေရာများအား ရော်ဘာ အပါအ၀င် အစားထိုး သီးနှံများကို စိုက်ပျိုးထားကြောင်း ၎င်းကဆိုသည်။

အစိုးရနှင့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့အကြား အပစ်ရပ်စဲရေး ဆောင်ရွက်ပြီး ၂၅ နှစ်ကာလအတွင်း ဘိန်းအစားထိုး သီးနှံစိုက်ပျိုးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ‘၀’ ပြည် သွေးစည်း ညီညွတ် ရေး ပါတီ (UWSP/USWA) ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားထားသည်။

“ဘိန်းစိုက်ပျိုးမှုကလည်း အစားထိုးစိုက်ပျိုးမှုနဲ့ ဆောင်ရွက်လိုက်တာ နှစ်ပေါင်း ၁၂၀ ကျော် ဘိန်းစိုက် လာခဲ့တဲ့ ‘၀’ ဒေသကြီးဟာ ဘိန်းပင်တစ်ပင်မှ မရှိတော့ပါဘူး။ အားလုံးအောင်မြင်တာ ဆယ်နှစ်တောင် ရှိပါပြီ” ဟု ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားထားသည်။

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင်ဗကပဗဟိုဌာနချုပ် နေရာကိုလည်း ပြည်ပ ဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်လည်ပတ် ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံသွားရန် အစီ အစဉ်ရှိကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ဗကပ ဗဟိုဌာနချုပ်ရုံး နေရာဟောင်းသည် တရုတ်-မြန်မာနယ်စပ် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း(ပန်ခမ်း)မြို့နယ်တွင် တည်ရှိပြီး နှစ်နိုင်ငံနယ်ခြား နမ်ခချောင်းအနီးတွင် တည်ရှိကြောင်း သိရသည်။

မေ ၁ ရက်မှ မေ ၆ ရက်အထိ UWSP/UWSA မှ ကြီးမှူးကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ ပန်ဆန်း(ပန်ခမ်း) ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မေ ၃ ရက်တွင် တစ်ရက်တာ ရပ်နား ခဲ့သောကြောင့် ယင်းအစည်းအဝေးသို့ သတင်းလာယူသည့် သတင်း မီဒီယာများအား ‘၀’ အဖွဲ့ တာဝန် ရှိသူများက အစားထိုးသီးနှံ စိုက်ပျိုးခဲ့သည့် နေရာများ၊ ဒေသအတွင်းရှိ ဘိလပ်မြေစက်ရုံ၊ ရေသန့်စက်ရုံ နေရာများ၊ ဘာသာရေးဆိုင်ရာ နေရာများကို လိုက်လံပြသ ရှင်းလင်းခဲ့သည်။

Eleven Media Group 

No comments:

Post a Comment