Monday 4 May 2015

မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် ရှေ့ဆက်သွားရန် အများကြီး လိုသေးကြောင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၁၁၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမှာစကား ပြောကြားစဉ် 
မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် ရှေ့ဆက်သွားရန် အများကြီးလိုသေးကြောင်း ၂၀၁၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


၂၀၁၅ ခုနှစ် ကမ္ဘာ့စာ နယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မေ ၃ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ  Novotel Hotel ၌ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားအတွက် အမှာ စကား ပြောကြားရာတွင် ရှေးဦးစွာ ယနေ့ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားသို့ ဖိတ်ကြား သည့် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် UNESCO အဖွဲ့အား ကျေးဇူးတင်ကြောင်း၊ ယခုဖိတ်ကြားချက်ကို လက်ခံရသည့် အကြောင်းရင်း တစ်ခုမှာ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီး) လိမ္မာနေသလား ဆိုသည်ကို လာရောက်ကြည့်ချင်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခု ဖိတ်ကြားချက်ကို လက်ခံရတဲ့ အကြောင်းရင်းတစ်ခုက ဦးရဲထွဋ်လိမ္မာနေရဲ့လား ဆိုတာလေး လာပြီး ကြည့်ချင်လို့ပါပဲ။ ကျွန်မကို ကြောက်တယ်ဆိုတော့ လိမ္မာတဲ့ဘက်ကို ဦးတည်နေပြီလို့ ကျွန်မလည်း ပြောရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့အတူ စာနယ်ဇင်း လွတ် လပ်မှုဆိုတာ ဘာလဲဆိုတာ စဉ်းစားစရာ ရှိပါတယ်။ အင်္ဂလိပ်လို ပြောလို့ရှိရင်တော့ Freedom ပေါ့။ မြန်မာလိုပြန်ပြီး ဘာသာပြန်လိုက်တဲ့အခါကျရင် လွတ်လပ်မှုလား၊ အနှောင်အဖွဲ့ကင်းမှုလား ဘာကို ပြော လို တာလဲ။ လွတ်လပ်မှုဆိုတာ ကိုယ်ရေးချင်တာတွေကို ရေးနိုင်တာတွေက လွတ်လပ်မှု မဟုတ်ပါဘူး။ ကိုယ်ရေးချင်တာတွေကို ဘယ်လိုရေးချင်အောင် ဖိအားတွေရှိလဲ ဆိုတာလည်း ကျွန်မတို့ ထည့်ပြီးစဉ်းစားဖို့ လိုပါတယ်။ ဦးရဲထွဋ် ပြောသွားတဲ့အခါမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ အယ်ဒီတာ လွတ် လပ်ခွင့်ကို ခွဲခြားပြီးပြောပါတယ်။ ကျွန်မကတော့ ဒါတစ်ခုတည်းလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အားလုံးလွတ်လပ်မှုပဲ။ အယ်ဒီတာတွေကို လုပ်ငန်းရှင်တွေကနေ ချုပ်ထားတယ်၊ ချုပ်ချယ်ထား တယ်ဆိုရင် ဒါဟာ လွတ်လပ်မှုမရှိတာ ရောက်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် နီပေါနိုင်ငံ ငလျင်လှုပ်မှုကြောင့် ထိခိုက်ဒဏ်ရာရ ပျောက်ကွယ်သွားသည့် ပုဂ္ဂိုလ်များ၏  မိသားစုများအားလုံးကို  ကရုဏာသက်ပါကြောင်း၊ နီပေါ၌ဖြစ်ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ ကမ္ဘာသူ ကမ္ဘာသားများ သိရှိနိုင်ရန် အထောက်အကူ အများကြီးပေးခဲ့သည်မှာ စာနယ်ဇင်းများဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“သတင်းထုတ်ပြန်မှုဟာ ကျွန်မတို့နိုင်ငံမှာ ဘယ်လောက်တိုးတက်နေပြီလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်ပါတယ်။ စဉ်းစားတဲ့အခါမှာ ကျွန်မတို့ မြန်မာနိုင်ငံကိုလာပြီး လေ့လာတဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေ၊ အစိုးရတွေက ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုနဲ့ပတ်သက်လို့ ဘာကိုထောက်ပြလဲဆိုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ရလာတယ်ဆို ထောက်ပြတယ်။ ဒါဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ကောင်းနေလို့ ဒီလိုထောက်ပြတာလား။ ဒါမှမဟုတ် တခြားပြုပြင်ပြောင်းလဲ ရေးတွေ အားနည်းနေလို့ ဒါပဲထောက်ပြစရာရှိလို့ ထောက်ပြတာလား ဆိုတာ ကျွန်မတို့ အများကြီး စဉ်းစား စရာ ရှိပါတယ်။ အများသိတဲ့ အတိုင်းပဲ မကြာခင်ကဆိုရင် ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် အနည်း ဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံက နံပါတ် ၉ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ စာနယ်ဇင်းလွတ်လပ်မှုက ရှေ့ဆက်သွားဖို့ အများကြီး လိုသေးတယ်ဆိုတာ ထင်ရှားပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်က ပြောကြားသည်။

“ကျွန်မတို့ မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်ခွင့်ကိုရတဲ့အချိန်က အင်မတန်မှ အချိန်နှောင်းသွား ပါတယ်။ အချိန်နှောင်း တယ်ဆိုတာ ဘယ်လိုပြောလိုတာလဲဆိုတော့ စာနယ်ဇင်းလွတ်လပ်မှုကို တည်တည် ငြိမ်ငြိမ် နဲ့အချိန်ယူပြီးတော့ တည်ဆောက်နိုင်ဖို့  ကာလလွန်တဲ့အချိန်မှာ ကျွန်မတို့ဟာ စာနယ်ဇင်း လွတ်လပ်မှုကို ရတာပါ။ ဦးရဲထွဋ်ပြောသွားတဲ့ Social Media ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက စာနယ်ဇင်း လောကက လွတ်လပ်မှုကို အတိုင်းအတာ တစ်ခုအထိ ရလာတယ်ဆိုတဲ့ အခါကျတော့ အေးအေးဆေးဆေးနဲ့ တည်ဆောက်ဖို့ သိက္ခာရှိတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ တည်ဆောက်ဖို့ အချိန်က နည်းနည်းလွန်လာပြီ ဖြစ်ပါတယ်။ အချိန်လွန်မှ စပြီးလုပ်ရတဲ့အတွက် ကျွန်မတို့ ပိုပြီးကြိုးစားရမှာ ပိုပြီးသတိထားရမှာ ပိုပြီးဝါယမစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် စာနယ်ဇင်းလောကက တကယ်ပဲ ကျွန်မတို့ရဲ့နိုင်ငံနဲ့ ကျွန်မတို့ရဲ့ကမ္ဘာကို အကူအညီပေးချင်တဲ့ စိတ်ဓာတ်နဲ့ မိမိတို့ရဲ့ ကျင့်ဝတ်တွေကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပိုပြီးကောင်းစေချင်တဲ့စိတ်ဓာတ်၊ တိုးတက်စေချင်တဲ့ စိတ်ဓာတ်တွေနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“တချို့သတင်းသမားတွေက ရိုးရိုးပြောရရင် အိမ်စာမလုပ်လာဘူး။ လာပြီးတော့မေးတယ်။ မေးတဲ့ အချက် အလက်တွေ အကြောင်းလဲ ကောင်းကောင်းမသိဘူး။ ကျွန်မတို့နိုင်ငံ အကြောင်းလည်း ကောင်းကောင်း မသိဘူး။ကျွန်မတို့ နိုင်ငံရေးအကြောင်းလည်း ကောင်းကောင်းမသိဘူး။ ဒါတွေကို မလေ့လာထားဘူး။ တွေ့တဲ့အခါမှာ လွယ်လွယ်လေးပဲ မေးခွန်းတွေထုတ်လိုက်တာပဲ။ တာဝန်မကျေတာပဲ။ သိပ်သိသာတယ်။ စပြီးမေးကတည်းက ကျွန်မသိတယ်။ ဒီသတင်းသမားကတော့ အိမ်စာမလုပ်ထားဘူး။ ခပ်ပျင်းပျင်းပဲဆိုတာ။ အဲဒီတော့ တကယ်အိမ်စာ လုပ်ထားတဲ့ သတင်းသမားတွေက မေးလည်းမေးတတ်တယ်။ အဲဒီမေးတတ်တဲ့ သတင်းသမားတွေနဲ့ အမေးအဖြေလုပ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မအတွက်လည်း အကျိုးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေဆိုရင် ကျွန်မမစဉ်းစားမိတဲ့ အချက်တွေကို သူတို့မေးခွန်းတွေကြောင့် ပေါ်လာတာ စဉ်းစားမိတာတွေ ရှိသွားတယ်။ အဲဒါဟာ အလုပ်တစ်ခုဆိုတာ အဲဒီအထဲမှာပါတယ်။ ကျွန်မတို့ရဲ့ သတင်းထောက်ငယ်တွေကို သတိပြုစေချင်ပါတယ်။ ကိစ္စတစ်ခုကို ချဉ်းကပ်တဲ့အခါမှာ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိနိုင်သမျှ သိအောင်လုပ်ရပါမယ်။ အဲဒါ အိမ်စာပဲ။ အိမ်စာကို ကျေအောင်လုပ်ကြပါ။ နောက် ကိုယ့်ရဲ့ပုဂ္ဂိုလ်စွဲတွေ တတ်နိုင်သမျှ ဖယ်ရှားနိုင်ဖို့ ကြိုးစားကြပါ။ သတင်းသမား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ်ရဲ့အစွဲအလမ်းအရ လုပ်မယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ ဒါဟာ ပေါ်လာမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

“အခုဆိုရင် အဖွဲ့တွေ၊ ကောင်စီတွေ သတင်းသမားအဖွဲ့တွေ ၄ -၅ ခုလောက် ဒီပွဲမှာ တက်ပြောမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ နိုင်ငံရဲ့ အဘက်ဘက်ကနေ အမျိုးမျိုး ပါဝင်မှုလို့ ပြောလို့ရသလို တစ်ဖက်ကလည်း ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ကွဲကြားမှုကို ရောင်ပြန်ဟပ်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်မ ခဏခဏပြောနေတဲ့  ဟာသလေး တစ်ခုရှိတယ်။ မြန်မာနှစ်ယောက်တွေ့ရင် အဖွဲ့အစည်း သုံးဖွဲ့ ဖြစ်လာ တယ်ဆိုတာ။ အဲဒီဟာလေးတွေကို နည်းနည်းတော့ ဆင်ခြင်ဖို့လိုပါတယ်။ ကျွန်မတို့ဟာ ဥပဒေပြုရေး ဖြစ်တဲ့အတွက် သတင်းသမားနဲ့ပတ်သက်လို့ စာနယ်ဇင်းသမားတွေနဲ့ ပတ်သက်လို့ ကောင်းတဲ့ဥပဒေတွေ ပေါ်ထွက်လာနိုင်ဖို့ ကြိုးစားပါမယ်။ ဒါပေမဲ့လည်း ဒီဥပဒေတွေ တကယ်ထိရောက်နိုင်ဖို့အတွက် လုပ်ရမှာက အုပ်ချုပ်ရေးပိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ နည်းဥပဒေတွေ မထွက်သေးတာလည်း အုပ်ချုပ်ရေးပိုင်း ဆိုင်ရာရဲ့ တာဝန်ပါပဲလို့ ၀န်ကြီးကို ကျွန်မ သတိပေးပါရစေ။ တရားစီရင်ရေး မဏ္ဍိုင်ကို အခုအချိန်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးထားတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ကြရမယ် ဆိုတာကို သတင်းသမားများ သတိပြုစေချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကိုလည်း သတင်းလောကကနေ အားပေးစေချင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရမှာတော့ ကျွန်မတို့ နိုင်ငံ အတွက် လောလောဆယ် အင်မတန်အရေးကြီးတဲ့ ယခုနှစ်မှာ ကျင်းပရမယ့် ရွေးကောက်ပွဲများ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတဖို့လိုတယ်။ ကျွန်မတို့ရဲ့ စာနယ်ဇင်းလောကကို ပြောချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ ကျွန်မတို့ မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတယ်။ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီးပိုပြီး အဓိပ္ပာယ်ပါမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတဖို့အတွက် စာနယ်ဇင်းလောကကနေ တတ်နိုင်သရွေ့ ကူညီ ခြင်း အားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို အကောင်းဆုံး ဆောက်လုပ်ပေးပါ။ ကျွန်မတို့ စာနယ်ဇင်း လောကက တာဝန်သိသိနဲ့ ကျွန်မတို့ အခုနိုင်ငံသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းက သွားရင်းနဲ့ လမ်းမှာတစ်နေတယ်။ ဒီလမ်းမှာ တစ်နေတာကို ပွင့်သွားဖို့အတွက် သတင်း လောကက တတ်နိုင်သမျှ ကူညီကြပါ။ အမှန်တရားကို တတ်နိုင်သမျှ ရှာကြပါ။ ရှာပြီး ကျွန်မတို့ ပြည်သူပြည်များကို အမှန်သတင်းနဲ့ ကောလာဟလသတင်း၊ ပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက် တိုက်ခိုက်တဲ့ သတင်းများအကြား မှန်မှန်ကန်ကန် ခွဲခြားနိုင်ဖို့ ကူညီမစပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အမှာစကားပြောကြားရာတွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွင် အငြင်းပွားမှုတချို့ ရှိနေသည့်အတွက် ပြန်လည်ရုပ်သိမ်းထားကြောင်း၊ မြန်မာနိုင်ငံ တွင် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ တစ်ခုပေါ်ပေါက်ရေး မဖြစ်မနေဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မီဒီယာများသည် စီးပွားရေးအရ ရပ်တည်နိုင်ခြင်း မရှိသည်ကို အဖြေရှာရန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်း တစ်ဒါဇင်ခန့်မှ ညွန်းကိန်းများ၊ အစီရင်ခံစာများ ထုတ်နေကြောင်း၊ ၎င်းအစီရင်ခံစာနှင့် ညွှန်းကိန်းများသည် လွတ်လပ်မှု တစ်ခုတည်းကို အခြေခံထားပြီး သတင်းအရည်အသွေး၊ အယ်ဒီတာ လွတ်လပ်ခွင့်များကို ထင်ဟပ်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို စဉ်းစားရာတွင် ၎င်းညွှန်းကိန်းများကို အားကိုးအားထား မပြုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်း၊ မြန်မာ နိုင်ငံ ဂျာနယ်လစ်ကွန်ရက် စသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စများကို စာတမ်းများဖတ်ကြား၍ တောင်းဆိုခဲ့ကြသည်။

ထို့ပြင် World Press Freedom Day အတွက် UNESCO ညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာကို ရန်ကုန်ဌာနေ ကိုယ်စားလှယ် Mr.Sardar Umar Alam က ဖတ်ကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment