Friday 30 January 2015

ခြောက်ပွင့်ဆိုင်ထက် တိုင်းရင်းသား ကိုယ်စားလှယ်များ ပိုမိုပါဝင်သည့် ဆွေးနွေးပွဲကိုသာ ပြုလုပ်ရန် တပ်မတော်သား ကိုယ်စားလှယ် အကြံပြု

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးထက် တိုင်းရင်းသား ကိုယ်စားလှယ်များ ပိုမိုပါဝင်သည့် ဆွေးနွေးပွဲကိုသာ ပြုလုပ်ရန် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ အကြံပြုတင်ပြ လာကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် တင်သွင်းဆွေးနွေးနိုင်ရန် အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြသော အကြံပြုချက်များတွင် အထက်ပါအတိုင်း ထည့်သွင်း ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းများစွာ ရှိသော်လည်း တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးစီ ပါရန်မှာ မဖြစ်နိုင်သော်လည်း ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးသာ သတ်မှတ်ပေးခြင်းမှာလည်း တိုင်းရင်းသားများအပေါ်တွင် အလေးမထားရာ ရောက်နေကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က အကြံပြုထားသည်။ 

ထို့ကြောင့် ခြောက်ပွင့်ဆိုင် ကိုယ်စားလှယ်များ အပြင် တိုင်းရင်းသား လူမျိုးစုကြီး (၇) ခုမှ တစ်ခုလျှင် ကိုယ်စားလှယ် တစ်ဦးစီနှင့် နိုင်ငံရေးပါတီ ကိုယ်စားပြုများ ထပ်မံထည့်သွင်းရန် ၎င်း၏ အကြံပြုချက်အတွင်း ပါရှိသည်။

အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အတွင်းမှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြု ရွေးချယ်ခြင်း ခံထားရသော ဒေါက်တာအေးမောင်ကမူ “ကိုယ်စားပြု ပြဿနာ မဖြစ်ပေါ်လာရေးအတွက် လွှတ်တော်အတွင်းက တိုင်းရင်းသားကိုယ်စားပြုကို ရွေးခဲ့တာ၊ ဥပမာ- ရှမ်း ကိုယ်စားပြုကို ရွေးမယ်ဗျာ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး တစ်ခုတည်း မဟုတ်ဘူးဗျ၊ တခြားပအိုဝ်းတွေ၊ ပလောင်တွေ စသဖြင့် အများကြီး ရှိတာပဲလေ၊ ဆိုတော့ ဘယ်လိုဟာကို ရွေးမလဲဆိုတဲ့ ပြဿနာ ဖြစ်လာမှာပေါ့၊ အဲဒါကြောင့် ခြောက်ပွင့်ဆိုင် အရင်ဆုံး တွေ့ပြီးတော့မှ ဘယ်လိုကိုယ်စားပြုတွေ ထပ်ထည့် သင့်သလဲ ဆွေးနွေးပေါ့၊ တွေ့ဖြစ်ဖို့ လိုတယ်၊ ကျန်တဲ့လူမျိုးစုတွေ တွေ့စရာမလိုဘူးလို့ မပြောဘူး၊ အရင်ဆုံး တွေ့ပြီး Frame တစ်ခု တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်သို့ မတင်သွင်းမီ အမြန်ဆုံးတွေ့သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ညှိနှိုင်းဆွေးနွေးမှုများကို ပြဿနာများနှင့် ဖိအားပေးမှုများ ဖြစ်ပေါ်လာမှသာ ပြုလုပ်ခြင်း မဟုတ် ဘဲ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အမြန်ဆုံးတွေ့ဆုံသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“လက်ရှိ အနေအထားအရ ဆွေးနွေးပွဲဟာ သမ္မတအပေါ်မှာ မူတည်နေတယ်၊ ဆွေးနွေးညှိနှိုင်းသင့်တဲ့ ကိစ္စကို စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ၊ မကျေနပ်မှုတွေ အရှိန်တက်လာမှ ဆွေးနွေးညှိနှိုင်းတာကို လက်ခံတယ် ဆိုတာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူး” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် အကြံပြုချက်များ ပေးပို့ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ညွှန်ကြားထားသောကြောင့် အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ငါးဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အကြံပြုချက် ၂၁ ချက်ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးကို ၂၀၁၄ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု တိုက်တွန်းထားသည်။

ယင်းနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ခြောက် ပွင့်ဆိုင် တွေ့ဆုံရေးထက် ပြည်သူများ လက်ခံသော တွေ့ဆုံဆွေးနွေးပွဲ ပုံစံကို စဉ်းစားသုံးသပ်ရန် နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့သည်။ 

သို့သော်လည်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း အတည်ပြုထားသော ခြောက် ပွင့်ဆိုင် ဆွေးနွေးပွဲကိုသာ ပြုလုပ်ရန် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံသမ္မတထံ သဝဏ်လွှာ ပေးပို့ကာ ထပ်မံတိုက်တွန်းထားသည်။

The Voice Weekly 

No comments:

Post a Comment