လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီ(ဗဟို)က ကြီးမှူးစီစဉ် ဆောင် ရွက်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ မိုင်းဇင်းအုပ်စု ဟွေခါးကျေးရွာ၌ တတိယအကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)ရှိ လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ နှစ်စဉ်မပျက် ကျင်းပသည်။
အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁ဝ နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လားဟူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်နှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နှစ်သစ်ကူး နှုတ်ဆက် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင် တို့က ပြည်ထောင်စုလွှတ်တော်က ပေးပို့သော သဝဏ်လွှာနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် Nippon Foundation အဖွဲ့မှ Conflict Affected ခံစားရသော ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီးနောက် တာဝန်ရှိသူများက ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံနှင့် တာချီလိတ်စသည့် နယ်အသီးသီးမှ လာရောက် ယှဉ်ပြိုင်သော လားဟူ တိုင်းရင်းသားများ၏ ရှေးရိုးရာ ဘူးပလွေမြေဝိုင်းအကနှင့် ခေတ်ပေါ်အက ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သူများကို ဆုများချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အဖွဲ့မှ ဘူးပလွေ မြေဝိုင်းအကနှင့် ခေတ်ပေါ်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
တက်ရောက်လာသူများက လားဟူတိုင်းရင်းသားများနှင့်အတူ ရိုးရာအကဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်း နောက် လားဟူတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။
လားဟူတိုင်းရင်းသားများသည် ရာသီနှစ် တစ်နှစ်တာအား တိရစ္ဆာန်အကောင် ၁၂ ကောင်တို့ဖြင့် သတ် မှတ် ထားရှိရာ ယခင်နှစ် ၂ဝ၁၄ ခုနှစ် မြင်းနှစ်မှ ယခုနှစ် ၂ဝ၁၅ ခုနှစ် သိုးနှစ်သို့ကူးပြောင်း ရောက်ရှိ လာခဲ့ရာ တစ်နှစ်တာ ရာသီကာလအတွင်း ကျင်းပကြသည့်ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံး ပွဲတော်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ တစ်နှစ်တာ ကာလ အတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဥယျာဉ်ခြံမြေထွက် အသီးအနှံများနှင့် ပစ္စည်းဥစ္စာများမှ ဦးဦး ဖျားဖျားကို ပါဝင်လှူဒါန်းဆောင်ရွက်မှု ပြုလုပ်ကြသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည်။လားဟူ တိုင်းရင်းသား များသည် ၎င်းတို့ဝတ်ဆင်သော ရိုးရာအဝတ်အစား၏ အရောင်ကို အမှီပြု၍ ကျိုင်းတုံခရိုင်တွင် အများဆုံး နေထိုင်သော လားဟူအနက် မိုင်းဆတ်မြို့နယ်တွင်အများဆုံးနေထိုင်သော လားဟူအနီ၊ မိုင်းဖြတ်မြို့နယ် တွင် အများဆုံးနေထိုင်သော လားဟူအဝါ၊ လားဟူအဖြူနှင့် လားဟူကျိုင်းရှီးဟူ၍ မျိုးနွယ်စု ငါးစုမှ ပေါက် ဖွားကာ ယနေ့အထိ လားဟူမျိုးနွယ်စု ၂ဝ ကျော်အထိရှိခဲ့သည်။ ၎င်းတို့၏ အထိမ်းအမှတ်မှာ ဘူးပုလွေ ဖြစ်ပြီး လားဟူတို့၏ ထင်ရှားသောအကမှာ ကာခေ့ပွဲဟုခေါ်သော မြေဝိုင်းအက ဖြစ်သည်။ ထင်းရှူးပင်ငယ် တစ်ပင်ကို အလယ်တွင်ထားပြီး ထင်းရှူးပင်ကို ဝိုင်းပတ်၍ တီးမှုတ်ကာ ကရသော အကတစ်မျိုးဖြစ်သည်။ နှစ်သစ်ကူးတွင် ''သြောပုတ်တေလေမော်ဒါအောလေး'' ခေါပုတ် ထောင်းရင်း ဆုံစည်းကြမယ် အဓိပ္ပာယ် ရသော သီချင်းကို သီဆိုလေ့ရှိသည်။ ထူးခြားသောယဉ်ကျေးမှု အစီအစဉ် တစ်ခုမှာ သက်ကြီးဝါကြီး ပုဂ္ဂိုလ် များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာခံယူခြင်းဖြစ်သည်။
အဆိုပါနှစ်သစ်ကူးပွဲတော်တွင် ပွဲကျင်းပရေး ကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးအားလုံက '' မြန်မာနိုင်ငံတွင် သုည ဒသမ ၁ ရာခိုင်နှုန်းရှိ တိုင်းရင်းသားလူမျိုးများကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တစ်ဦးရွေးချယ် ခွင့်ရရှိကြောင်း၊ ဝန်ကြီးက မိမိလူမျိုးများ ဇာတိနေထိုင်ရာ အရပ်တို့ကို လေ့လာဖော်ထုတ်ပြီး လွှတ်တော်မှာ တင်ပြခွင့်၊ တောင်းဆိုခွင့်ရရှိ ထားသည့်အတွက် မိမိလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာများကို မပျောက် ပျက်အောင် ထိန်းသိမ်းခွင့်၊ ဖော်ထုတ်ခွင့်ရရှိလာသည့်အခြေအနေကြောင့် မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင် ကြသော၊ လားဟူလူမျိုးများကို ပြန်ကြည့်သည့်အခါ ရှမ်းသုံးရှမ်းတို့တွင် နေထိုင်သည်ကို တွေ့ရှိ ရကြောင်း၊ ထို့ကြောင့် ယခင်ကာလများက လားဟူ တိုင်းရင်းသားများအနေဖြင့် နှစ်သစ်ကူးပွဲတော်များကို တောင်ပေါ်ဒေသများတွင်သာ တစ်မိသားစုအတွင်း ဖြစ်စေ၊ တစ်ရွာချင်းဖြစ်စေ တစ်ကွဲတစ်ပြားကျင်းပ လာခဲ့ကြရာမှ ၂ဝဝ၃ ခုနှစ်မှ စတင်ကာ ရှမ်းပြည် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတွင် မှီတင်း နေထိုင်သော လားဟူတိုင်းရင်းသားများအားလုံးစု ပေါင်းကာ နှစ်သစ်ကူးပွဲတော်ကို ကျိုင်းတုံမြို့တွင် ဆင်ယင် ကျင်းပလာခဲ့ရာ တတိယအကြိမ်မြောက်ခဲ့ ပြီဖြစ်ကြောင်း၊ ပွဲကျင်းပရခြင်းကြောင့် လူမျိုး တစ်မျိုးနှင့် တစ်မျိုး မတူညီသည့် ထုံးတမ်းစဉ်လာများကို ခင်းကျင်းပြသခွင့်၊ ဖော်ပြခွင့်ရသည့်အတွက် လူမျိုးတစ်မျိုး၏ တန်ဖိုးထားတတ်မှုကို အခြားလူမျိုးများက လေ့လာခွင့်၊ သိရှိမှတ်သားခွင့် ရရှိသည့်အတွက် ဒေသနေ တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုပိုမို ခိုင်မြဲလာကြောင်း၊ နိုင်ငံတော်မှ ချမှတ်သည့် မူဝါဒ လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရာမှာလည်း ပိုမိုပြီးအောင်မြင်မည်ဟု ယူဆသည့်အတွက် နှစ်သစ် ကူးပွဲတော်ကျင်းပရခြင်းဖြစ်ကြေင်း ပြောသည်။
ပွဲတော်သို့ စစ်ဘက်၊ နယ်ဘက်မှ ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအဖွဲ့များ၊ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment