Friday 30 January 2015

IS အဖွဲ့နှင့် ဓားစာခံလဲသည့် ကောလာဟလနှင့် ပတ်သက်ပြီး လူနှစ်ဦး ဂျော်ဒန်အစိုးရ ဖမ်းဆီး

IS အဖွဲ့က ဖမ်းဆီးထားသော ဂျပန်လူမျိုးတစ်ဦးနှင့် ဂျော်ဒန်လူမျိုး လေယာဉ်မှူးတို့ကို ကယ်တင်နိုင်ရန် အတွက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် သေဒဏ်ချမှတ် ခံထားရသော အီရန်အမျိုးသမီးကို လွှတ်ပေးလိုက်ပြီ ဟူသော သတင်းကို လွှင့်တင်ခဲ့သည့် ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူနှစ်ဦးကို ဂျော်ဒန်အစိုးရက ဖမ်းဆီး လိုက်ပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

Sayara News ဝက်ဘ်ဆိုက်ပိုင်ရှင် ဟာရှင်အယ်လ်ခါလီဒီနှင့် အယ်ဒီတာချုပ် ရှိတ်ဖ်အိုဘေးဒက်တို့ကို ဂျော်ဒန်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး ၎င်းတို့ နှစ်ဦးအနေနှင့် အပြစ်ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရဖွယ် ရှိသည်ဟု ဂျော်ဒန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဂျော်ဒန်နိုင်ငံတွင် ဖမ်းဆီးခံထားရပြီး သေဒဏ်ချမှတ်ခံထားရသော ဆာဂျီဒါအယ်လ်ရီရှော ဟူသည့် အီရတ် အမျိုးသမီးကို မလွှတ်ပေးပါက ၎င်းတို့ ဖမ်းဆီးထားသော ဂျပန်လူမျိုးဓားစာခံ ဂိုတိုနှင့် ဂျော်ဒန်လူမျိုး လေယာဉ် မှူး တို့ကို သတ်ပစ်မည်ဟု IS အဖွဲ့က ခြိမ်းခြောက်ထားသည်။

ဂျော်ဒန်အာဏာပိုင်များက အယ်လ်ရီရှောကို လွှတ်ပေးလိုက်ပြီ ဖြစ်ပြီး ၎င်းသည် ယခုအခါတွင် IS အဖွဲ့ လက် တွင်းရှိ ဓားစာခံနှစ်ဦးနှင့် လဲရန်အတွက် အီရတ်နိုင်ငံသို့ ရောက်ရှိနေပြီဟု Sayara News သတင်း ဝက်ဘ်ဆိုက်က ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ကာ ထိုသတင်းကို ဂျော်ဒန် အာဏာပိုင်များက ချက်ချင်းဆိုသလို ငြင်းဆန် ခဲ့သည်။

“IS အဖွဲ့နဲ့ ညှိနှိုင်းဖို့အတွက် အီရတ်အသေခံ ဗုံးခွဲသမားကို လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဟာရှင်အယ်လ်ခါလီဒီနဲ့ ရှိတ်ဖ်အိုဘေးဒက်တို့ကို အစိုးရရှေ့နေချုပ်ရဲ့ အမိန့်နဲ့ ဖမ်းဆီးထားပါတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက်ပြုရာ ရောက်သည့် သတင်းဖြန့်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုမှုဖြင့် ၎င်းတို့နှစ်ဦးကို စွဲချက်တင်ထားသည်ဟုလည်း အဆိုပါ ပုဂ္ဂိုလ် က ပြောကြားသည်။

ဂျော်ဒန်အာဏာပိုင်များသည် Sayara News ဝက်ဘ်ဆိုက်ကို ပိတ်သိမ်းရန်လည်း အမိန့်ထုတ်ခဲ့သည်။

ဂျော်ဒန်နိုင်ငံသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ရေးသားခွင့်ကို ဖိနှိပ်သည့် နိုင်ငံအဖြစ် ဝေဖန်ခံနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment