Friday 30 January 2015

ခိုတောင်ကျွန်း အမှု (၃) လအတွင်း အပြီးဖြတ်မည်

ငါးလခန့် ကြာမြင့်နေပြီ ဖြစ်သော ထိုင်းနိုင်ငံ ခိုတောင်ကျွန်း အမှုအား ၂၀၁၅ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာသုံးလအတွင်း အပြီးဖြတ်မည် ဖြစ်ကြောင်း မြန်မာသံရုံး အထူး အဖွဲ့ထံမှသိရသည်။
ဒီသုံးလမှာ အပြတ်ဖြတ်နိုင်မယ်။ အမှုကိုအပြီးသတ်တင်ပြမယ်။ အခြေအနေတွေလည်း အမျိုးအမျိုး ပြောင်း လဲသွားနိုင်တယ်။ ကျွန်တော်တို့ဆီက မှန်ကန်တဲ့မျက်မြင်သက်သေတွေကို တရားရုံးကလက်ခံနိုင်ဖို့က အရေးကြီးပါတယ်။ သက်သေထွက်ဆိုနိုင်ဖို့ အတွက် နည်းမျိုးစုံနဲ့ ချဉ်းကပ်နေပါတယ်ဟု မြန်မာသံရုံး အထူး အဖွဲ့မှ တာဝန်ရှိသူ ဦးကျော်သောင်း က The Messenger Media သို့ ပြောသည်။

သက်သေထွက်ဆို နိုင်ရန် အတွက် သက်သေများကို စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးများမှ အဓိကမျက်မြင် သက်သေသုံးဦးသည် ၎င်းတို့ ထွက်ဆိုပါက ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ရန် မဖြစ်နိုင်တော့မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း လည်း မြန်မာ သံရုံး အထူးအဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီလ ပထမ သီတင်းပတ်တွင် မြန်မာသံရုံး အထူးအဖွဲ့နှင့် သံအမတ်ကြီးတို့ တွေ့ဆုံ၍ လေ့လာ တွေ့ရှိချက်များ၊ အတွေ့ အကြုံများ၊ ဗွီဒီယိုဖိုင် များကို တင်ပြ ဆွေးနွေးမည် ဖြစ်ကြောင်း၊ ခိုတောင်ကျွန်း လူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့မှ မျက်မြင် သက်သေ လူတစ်ရာ နီးပါးခန့် တင်ပြထားပြီး၊ ၎င်းတို့ အထဲတွင် မြန်မာ လုပ်သား သုံးဦး ပါဝင်ကြောင်း မြန်မာဘက်ကမူ သက်သေ သုံးဆယ်ကျော် တင်ပြမည် ဖြစ်ကြောင်း ဦးကျော်သောင်းက ပြောသည်။

အဆိုပါ ခိုတောင်ကျွန်း လူသတ်မှုအတွက်  မြန်မာဘက်မှသက်သေများကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် အပြီးသတ် စစ်ဆေး၍ စီရင်ချက်ချမှတ်နိုင်မည်ဖြစ်ကြောင်း မြန်မာ သံရုံး အထူးအဖွဲ့မှ သိရသည်။  ၎င်းလူသတ်မှုသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ထိုအမှုနှင့် ပတ်သက်၍ မြန်မာလုပ်သားသုံးဦးကို အောက်တိုဘာလ (၁) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ တစ်ဦးကိုပြန်လွှတ်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ခိုတောင်ကျွန်းအမှုအတွက် ထိုင်း-မြန်မာ နယ်စပ်မှ လူသက်သေတချို့ထံသို့ သွားရောက် စုံးစမ်းမေးမြန်းလျက်ရှိသည်။

Messenger News Journal 

No comments:

Post a Comment