Friday 30 January 2015

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု KIA က စစ်ဆေးခံမည် မဟုတ်ဟုဆို

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဖော်ယူဂွမ်က KIA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ KIA ဘက်ကလည်း ဒီပြစ်မှုကို တပ်မတော်ဘက်က ကျူးလွန်တာလို့ မြင်တယ်။ KIA ရဲ့ ရာဇဝင်မှာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါကြောင့် အမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခွင့်ပေးပါ ကမ်းလှမ်းခဲ့လည်း KIA ဘက်က လုံးဝ အစစ်မခံနိုင်ဘူး” ဟု ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင်ဖြစ်သူ ၎င်းက ဆက်လက်ပြောကြား သည်။

ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကောင်းခါးကျေးရွာသို့ ရောက်ရှိ နေသော ခြေမြန်တပ်ရင်း ၅၀၃ မှ တပ်မတော်သားများ၏ ဆံပင်နှင့် လက်ဗွေများကို စစ်ဆေးခဲ့ရာတွင် ပြစ်မှုကျူးလွန်ရာ၌ တပ်မတော်သားများ ပါဝင်ပတ်သက်ဖွယ် မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးသပ် သိရှိရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ပြစ်မှုကျူးလွန်သူများမှာ KIA တပ်ဖွဲ့မှ ဒုတပ်ကြပ် ဖော်ယူဂွမ်တို့အဖွဲ့ ဖြစ်ကြောင်း ရေးသားဖော်ပြမှုများကြောင့် KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူက KIA အနေနှင့် အစစ်ဆေးခံမည် မဟုတ်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထူးစုံစမ်းရေး ကော်မတီ ဖွဲ့ထားပြီး အမှုမှန် အမြန်ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့တွေက အပူတပြင်း စုံစမ်းနေပါတယ်။ လက်ရှိ ကျူးလွန်ခဲ့တဲ့ တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးတာကြောင့် ကျူးလွန်ခဲ့ သူတွေက အရပ်သားတွေလား၊ တပ်မတော်ကလား၊ KIA ကလား ဆိုတာ ဘာမှ မပြောနိုင်သေးပါဘူး” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုနှင့် ပတ်သက်၍ အခင်းဖြစ်ပွားခဲ့သည့် ကောင်းခါးကျေးရွာ အနီး ရောက်ရှိနေသော ခြေမြန်တပ်ရင်း ၅၀၃ မှ စစ်ကြောင်းကို ရှေ့ဆက်မသွားခိုင်းဘဲ ယင်းကျေးရွာတွင် ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် တပ်မတော်သား ၃၀ ဦးကျော်၏ ဆံပင်နှင့် လက်ဗွေရာများ အပါအဝင် ဒေသခံ တချို့ကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြောင်း အမှုအမှန် ဖော်ထုတ်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် အထူး စုံစမ်းရေးကော်မတီထံမှ သိရှိရသည်။

“သေဆုံးခဲ့တဲ့ ဆရာမလေးရဲ့ လက်ထဲမှာ ခြောက်လက်မကျော်ကျော် ရှည်တဲ့ ဆံပင်တွေ ဆုပ်ကိုင် ထားတာကို တွေ့ခဲ့ရတယ်။ ဒီဆံပင်တွေကို DNA ယူပြီး စစ်တပ်နဲ့ အရပ်သားတွေကို စစ်ဆေးခဲ့ပေမယ့် မတူညီတာကို သိရှိရတယ်။ ပြီးတော့ ဆရာမလေးတွေ လက်ကိုင်ဖုန်းမှာ မသေဆုံးခင် နှစ်ရက်က တရုတ် နိုင်ငံ ဆက်သွယ်ရေး ကုတ်နံပါတ်နဲ့ ဖုန်းအဆက်သွယ် လုပ်ခဲ့သူကို သိခဲ့တာကြောင့် စုံစမ်းကြည့်တော့ ဖော်ယူဂွမ်ဆိုတဲ့ အမျိုးသား ဖြစ်နေတယ်။ ဒါပေမဲ့ လက်ရှိ သူက ပျောက်နေတာကြောင့် ဘယ်အဖွဲ့ကလဲ ဘယ်သူတွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာအဖွဲ့ (KBC) က အမှုမှန် ဖော်ထုတ်ပေးနိုင်ရန် သမ္မတထံ စာတင်ခဲ့ပြီး ယင်းအဓမ္မပြုကျင့် သတ်ဖြတ်မှုကို မြန်မာ နိုင်ငံ အမျိုးသမီးများကွန်ရက်၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး လှုပ်ရှားသူများက အမှုမှန် ဖော်ထုတ်ပေးရန် ဒေသအနှံ့ ဆန္ဒထုတ်ဖော်မှု ပြုခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်းစုံကလည်း ယင်းအမှု အမှန်ဖော်ထုတ်ပေးရန် တောင်း ဆိုထားကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာ ရုံးချုပ်ထံမှ စုံစမ်းသိရှိရသည်။

ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်ခဲ့သောကြောင့် တပ်မတော်မှ စစ်ကြောင်းကို အခင်းဖြစ်ခဲ့သည့် ကျေးရွာတွင် ဆက်လက် အခြေပြု စေခဲ့ပြီး ပြစ်မှုကျူးလွန်သူ၏ ဆံပင်မှ ရယူထားသော DNA နှင့် နယ်မြေခံ စစ်ကြောင်းမှ တပ်မ တော် သားများ၏ ဆံပင်များမှ DNA များကို အစစ်ဆေးခံခဲ့ကြောင်း၊ မှုခင်းပိုင်းဆိုင်ရာ ရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ တရားခံသည် တပ်မတော်သားများ ဖြစ်နိုင်ဖွယ် မရှိကြောင်း သုံးသပ် သိရှိရသောကြောင့် ဖြစ်စဉ်အမှန် ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးခဲ့ပါက တပ်မတော်ကို မဟုတ် မမှန် ရေးသားပြောဆိုမှုနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

The Voice Weekly 

No comments:

Post a Comment