Friday 30 January 2015

မှတ်ပုံတင် ပြုလုပ်ရန် ကျန်နေသူ များကို ကျပ်(၂၁၀ ဒသမ ၅) သန်း အသုံးပြု၍ (၆) လအတွင်း အပြီး ပြုလုပ်မည်

တစ်နိုင်ငံလုံးတွင် မှတ်ပုံတင် ပြုလုပ်ရန် အတွက် ကျန်နေသူ အားလုံးကို ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ခြောက်လ အတွင်း အပြီး ပြုလုပ် သွားရန် အတွက် ကျပ်ငွေ (၂၁၀ ဒသမ ၅) သန်း အသုံးပြု သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

တစ်နိုင်ငံလုံး ကွင်းဆင်းပြီးတော့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ဒေသခံ တာဝန်ရှိတဲ့ သူတွေနဲ့ ပူးပေါင်း ပြီးတော့ ပြီးပြည့်စုံအောင် ဆောင်ရွက်မယ့် မိုးပွင့် စီမံကိန်း ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။ အဆိုပါ အစီအစဉ်သည် နိုင်ငံတော် သမ္မတကြီးမှ လမ်းညွှန် ထားခြင်း ဖြစ်ပြီး၊ သုံးစွဲမည့် ငွေကျပ်သန်း(၂၁၀) ကျော် မှာလည်း ၀န်ထမ်းများ ခရီးသွားလာ စရိတ်၊ ကုန်ကျမည့် စာရေး ကိရိယာများ၊ လုပ်ငန်းသုံး ပစ္စည်း များ၊ ကျွေးမွေး စရိတ်များနှင့် ၀န်ထမ်း လစာများ အတွက် အသုံးပြု ရမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ  ဒုတိယ ၀န်ကြီး ဦးဝင်းမြင့်က ရှင်းပြသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ အဆိုပါ စီမံကိန်း အသုံးပြု သွားရန် အတွက် ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုပေးရန် အတွက် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြ တောင်းခံ ထားကြောင်း သိရသည်။

ထို့ပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များ နှင့် ပြင်ပရှိ အခြား နိုင်ငံသား ခံယူ ထားသော မြန်မာနိုင်ငံသားဟောင်းများ ရေရှည် လာရောက် လုပ်ငန်း ဆောင်ရွက်ရန်နှင့် အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် စနစ်ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ ကမ္ဘာ့ လှည့် ခရီးသည်များ အတွက် ပြည်ဝင် E ဗီဇာလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ရာ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ဝင်၊ ပြည်ထွက် စနစ် များတွင် ခေတ်မီ အိုင်တီနည်း ပညာသုံး စက်ကိရိယာများ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းမှာ ရရှိတဲ့ လူဦးရေနဲ့ လူမှု ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အချက်အလက်များကို ၂၀၁၅ ခုနှစ် ပထမလေး လပတ် ကုန်ရင် ထုတ်ပြန် ကြေညာ နိုင်အောင် ဆောင်ရွက်နေ ပြီးတော့ လူဦးရေ မူဝါဒ ရေးဆွဲ နိုင်ရေးနဲ့ အခြေခံ အချက်အလက်များ စုဆောင်းတာ တွေကို ချမှတ် ဆောင်ရွက်နေ ပါတယ်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာနမှ ဒုတိယ ၀န်ကြီးက ဆိုသည်။

Messenger News Journal 

No comments:

Post a Comment