Friday 30 January 2015

ကာလုံအစည်းအဝေး ပုံမှန်ရက်ထက် တစ်ရက်စော၍ ပြုလုပ်

မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ပုံမှန်ပြုလုပ်သည့်ရက်ထက် တစ်ရက်စော၍ ဇန်န၀ါရီ ၂၉ ရက်တွင် ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

‘‘အထွေအထူးမရှိပါဘူး။ ပုံမှန်ပါပဲ။ မနက်ဖြန်မှာ တခြားအစီ အစဉ်တွေရှိလို့ ဒီနေ့လုပ်တာပါ’’ ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ရုံးမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

ကာလုံ အစည်းအဝေးကို သောကြာနေ့ နံနက်တွင် ပြုလုပ်လေ့ရှိပြီး ယခုအကြိမ်၌ တစ်ရက်စောကာ ကြာသပတေးနေ့တွင် ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် ယနေ့ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် မူလ ကြေညာထားသည့် အစီအစဉ်များမပြီးမီ ရပ်နားခဲ့ပြီး ကာလုံအစည်းအဝေးသို့ ဥက္ကဋ္ဌ နှစ်ဦးတက် ရောက် ရန် သွားရောက်ခဲ့သည်။

ဇန်န၀ါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပ ဒေကြမ်းနှင့် ၂၀၁၅ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာန(၁၁) ခုက ရှင်းလင်းတင်ပြရန် အစည်းအဝေးအစီအစဉ်၌ ပါရှိသော်လည်း ၀န်ကြီးဌာန ခုနစ်ခု၏ ရှင်းလင်းတင်ပြမှုများအပြီးတွင် ၂ နာရီခွဲဝန်းကျင်၌အစည်းအဝေးကို ရပ်နားခဲ့သည်။  ထို့ကြောင့် ကျန်ဌာနလေးခု၏ ရှင်းလင်းတင်ပြမှုများကို ဇန်န၀ါရီ ၃၀ အစည်းအဝေးတွင်မှ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်နာယကက ပြောသည်။

ယခု ကာလုံ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး ရေး ကိစ္စ များနှင့် ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးနေသော အရေးကြီးသည့် ဥပဒေ ကြမ်းများနှင့် ပတ်သက်၍ ဆွေး နွေးနိုင်ကြောင်း နိုင်ငံရေးလေ့လာ သူအချို့က သုံးသပ်သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်ဥပဒေတွေကို ပြင်မလဲဆွေး နွေးတယ်လို့ သိရတယ်’’ဟု ကာလုံ အစည်း အဝေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်း က ဆိုသည်။

ပုံမှန်ကျင်းပနေကျဖြစ်သော ဇန်န၀ါရီ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော် လေးနှစ်ပြည့်အခမ်းအနား ရှိသဖြင့် ကာလုံအစည်းအဝေးကို တစ်ရက်စော၍ ကျင်းပခြင်းဖြစ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က သုံးသပ်ပြောကြားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံ ခြားရေးနယ်စပ်ရေးရာဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီး များပါဝင်သည်။

7Day DAILY 

No comments:

Post a Comment