Sunday 23 November 2014

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပြန်ရွေးချယ်ရန် သံဃာလက်မှတ် လေးသိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုမည်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သံဃာတော်အများစု၏ ဆန္ဒသဘောထားနှင့်အညီ ပြန်လည် ရွေး ချယ်နိုင်ရေး သဘောထား ဆန္ဒပြုလက်မှတ်များကို သံဃာတော် လေးသိန်းကျော်ထံမှ ကောက်ခံသွားမည် ဖြစ်ကာ ယင်းလက်မှတ်များဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ လက်မှတ် ကောက်ယူသည့် သံဃာတော်များထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် သံဃာအပါး ခြောက်သိန်းခွဲခန့် ရှိပြီး ဆန္ဒပြုလက်မှတ် လေးသိန်းကျော် ရရှိနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့တွင် တစ်ပြိုင်တည်း ကောက်ခံကာ ယင်းဆန္ဒပြု လက်မှတ်များဖြင့် သမ္မတထံ ဒီဇင်ဘာလကုန်ပိုင်းတွင် တင်ပြသွားနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းသို့ ဆန္ဒပြု တောင်းဆို မည့် သံဃာ့အဖွဲ့အစည်းဝင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ရွှေတောင်ကျောင်းတိုက် ဆရာတော် အရှင်သြဘာသက The Voice သို့ မိန့်ကြားသည်။

“လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့အစည်း အဆင့်ဆင့်က အာဏာရှင် လက်အောက်မှာ ဖွဲ့စည်းထားတဲ့ အသုံးချခံ အဖွဲ့အစည်းအဖြစ် မပြောင်းလဲသေးဘူးလို့ တည့်တည့်ပြောရမှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြုလက်မှတ် ကောက်ခံရာတွင် ပါဝင်သည့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီ မင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ဆိုသည်။

ယင်းသို့ နိုင်ငံတော် သံဃာမဟယနာယက အဖွဲ့ ပြန်လည်ရွေးချယ်ပေးရေး အပါအဝင် တစ်ပြိုင်နက်တည်း တပ်မတော်အစိုးရ လက်ထက်က သံဃာတော်များအတွက် ထုတ်ပြန်ထားသည့် ဥပဒေများကိုလည်း ပယ်ဖျက်နိုင်ရန် တောင်းဆိုရမည် ဖြစ်ကြောင်း ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသော မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ အာရှအလင်းရောင် ကျောင်းတိုက်ဆရာတော် အရှင်စိန္တိတက မိန့်ကြားသည်။

ယင်းဆန္ဒပြုလွှာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို သံဃာ့အဖွဲ့အစည်း စည်းမျဉ်းအတိုင်း ငါးနှစ်တစ်ကြိမ် အဖွဲ့အစည်း အဆင့်ဆင့်သို့ ပြန်လည်၍ ပုံမှန်ရွေးချယ်ပွဲများ ကျင်းပပေးရေး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သံဃာတော်များ၏ သဘောထား တောင်းခံလက်မှတ် ထိုးလွှာဟု ပါရှိပြီး ယင်းလက်မှတ် များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီတို့ထံ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်း အဆင့်ဆင့်ကို ၁၉၈၀ ပြည့်နှစ်က စတင်ထူထောင်ခဲ့ပြီး ယင်းမူအတိုင်း ပြန်လည်ရွေးချယ်သင့်ကြောင်း အရှင်သြဘာသက သုံးသပ်မိန့်ကြားသည်။ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားခြင်း၊ ဖုန်းကိုင်မည့်သူ မရှိခြင်း တို့ကြောင့် မေးမြန်း၍ မရပေ။

The Voice Weekly

No comments:

Post a Comment