Sunday 23 November 2014

မကာအိုမှ မြန်မာလုပ်သားခေါ်ယူရာတွင် အရပ် ၅ ပေ ၆ လက်မအထက်ရှိသူ၊ ရုပ်ရည်ပြေပြစ်သူကို ဦးစားပေးခေါ်ယူ

မကာအိုမှ မြန်မာ အလုပ်သမားများအလုပ်ခေါ်ယူ ကမ်းလှမ်းမှုတွင် အရပ် ၅ ပေ ၆ လက်မအထက်ရှိသူနှင့် ရုပ်ရည်ပြေပြစ်သူတို့ကို ဦးစားပေးခေါ်ယူခန့်အပ် သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (MOPEAF) ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။

မကာအိုတွင် ခရီးသွားလုပ်ငန်းကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိ၍ ဟိုတယ် လုပ်ငန်းနှင့် ကာစီနိုလုပ်ငန်း များတွင် လုပ်သားလိုအပ်ချက်များစွာရှိသည်။ ထို့ကြောင့် ယင်းလုပ်ငန်းများတွင် လုပ်သားလိုအပ်ချက် နှုန်းမြင့်တက်လျက်ရှိ၍ ယခင်က ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်လူမျိုးများကိုခေါ်ယူခန့်အပ်လျက် ရှိရာမှ ယခုအခါပထမဆုံးလာရောက်၍ မြန်မာအလုပ်သမားမျာအား ခေါ်ယူ လိုခြင်းဖြစ်သည်။

ကာစီနိုလုပ်ငန်းနှင့် ဟိုတယ် လုပ်ငန်းတို့မှ အလုပ်ခေါ်ဆိုသော ကြောင့်  ရုပ်ရည်နှင့်  အရပ် အမောင်း ကောင်းမွန်သူကို ခေါ်ယူမည်ဖြစ်သည်။ အရပ် ၅ ပေ ၆ လက်မအထက် ရှိသူနှင့် ရုပ်ရည်ပြေပြစ်သူများအား ဦးစားပေးခန့်အပ်မည်ဟု သတင်းရရှိသည်။

ထို့ကြောင့် လာမည့် ၂၀၁၅ မတိုင်မီ မြန်မာအလုပ်သမားများ ကို အချိန်တို အတွင်း စေလွှတ်ပေး ရန် မကာအိုက တိုက်တွန်းတောင်းဆိုလျက်ရှိသည်။

‘‘အင်္ဂလိပ်စာနဲ့ တရုတ်စာ နှစ်ခုပြောတတ်ရမယ်။ ၅ ပေနဲ့ ၆ လက်မအထက်ရှိရ မယ်။ ရုပ် ရည်အသင့် အတင့် ရှိရမယ်။ စကားပြောပြေပြစ်ရမယ်။ အဲဒါ တွေပါ တယ်။ လာရောက်တဲ့သူတွေကို သင်တန်းထပ်ပေးပါ့မယ်’’ ဟု ဦးမင်းလှိုင် က ပြောသည်။

မကာအိုသို့ မြန်မာအလုပ်သမားစေလွှတ်မှုကို နှစ်ဖက်နားလည်မှုစာချွန်လွှာလက်မှတ်ထိုးပြီး နိုဝင်ဘာ ၂၁ ရက်မှ စ၍ လုပ်သားစေလွှတ်နိုင်သော်လည်း မြန်မာ အစိုးရ၏ တရားဝင်ခွင့်ပြုချက်ရမှ သာစေလွှတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုလ ၂၄ ရက်တွင် အစိုးရနှင့်အေဂျင်စီ အသင်းချုပ်အစည်း အဝေး၌ တရားဝင်ခွင့်ပြုချက်ရရှိရန် တောင်းခံသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။

 ‘‘မကာအိုမှာလုပ်သားလို အပ်ချက်က နိုင်ငံတွင်းမှာရှိတဲ့ လူဦးရေထက် ပိုများနေပါတယ်။ လာမယ့်နှစ်မှာ မကာအိုနိုင်ငံမှာ ပြည်ပအလုပ်သမား သုံး၊ လေး သောင်းလိုအပ်နေပါတယ်။ ကာစီ နိုလုပ်ငန်းတွေ ခြောက်ခုလောက် ဖွင့်ဖို့လုပ်နေပါတယ်။ မြန်မာ အလုပ်သမားတွေကို အချိန်တို အတွင်း အမြန်ဆုံးအလုပ် လုပ်နိုင် အောင် ကူညီပေးဖို့ပြောချင်ပါ တယ်’’ဟု MOWEAA ဥက္ကဋ္ဌ မစ္စတာ Ao Leong Kuong Kao က ပြောသည်။

အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်းတစ်ဦးလျှင် ဒေါ်လာ ၅၀၀ မှ ၇၀၀ ၊တရုတ်နှင့် အင်္ဂလိပ် ဘာသာ စကားပြောဆိုနိုင်ပါက ဒေါ်လာ၇၀၀ မှ ၁,၀၀၀အထိ၊ ဘွဲ့ရရှိပြီး ဘာသာစကားနှစ်မျိုးလုံး တတ် ကျွမ်းသည့်အပြင် ကွန်ပျူတာကျွမ်းကျင်ပါက ဒေါ်လာ ၁,၀၀၀ မှ ၁,၅၀၀ အထိပေး၍ ခေါ်ယူလျက်ရှိသည်။

7Day DAILY

No comments:

Post a Comment