Sunday 28 September 2014

အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား

ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်းမာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကိုလည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင်တဲ့ သူ ဖြစ်လာ မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားဟာ အင်မတန် မှန်ကန်တဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာမှ မိမိ ရည်မှန်းများကို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်ကျန်းမာပြီး အရွယ်တင် လှပ လိုတဲ့သူ ဖြစ်လိုပါက အောက်ပါ အချက်များကို လေ့လာဖတ်ရှု့ပြီး ကျင့်ကြံလိုက်နာ နိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါတယ်-

-အရက်၊ ဘီယာ၊ အားဖြည့် အချိုရည်တွေ လျှော့သောက်ပြီး၊ လက်ဖက်ရည်ကြမ်း(လက်ဖက်ခြောက် ရေနွေး ကို ပိုသောက်ပေးပါ)၊ တတ်နိုင်ပါက ဆေးလိပ်၊ ကွမ်းတို့ကို လုံးဝဖြတ်လိုက်ပါ။

-Ready Make အသင့်သုံး အစားအစာတွေဖြစ်တဲ့ ကြက်အူချောင်း၊ ၀က်အူချောင်း၊ သား၊ ငါးသေတ္တာဘူး အမျိုးမျိုး၊ စည်သွတ်ဘူးအမျိုးမျိုး၊ သစ်သီးဘူးနှင့် သစ်သီးခြောက်များ၊ ထုံချိုင်း အသားခြောက်အမျိုးမျိုးတို့ကို တတ်နိုင်သမျှ လျှော့စားပြီး၊ လတ်လတ် ဆတ်ဆတ် သားငါးများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ပိုစားပေးပါ။

-ဆား၊ ဆိုဒါ၊ ငံပြာရည်၊ ငါးပိရည်တို့ကို လျှော့စားပြီး အချဉ်များများ စားပေးပါ။

-သကြား(အချိုအရသာ အမျိုးမျိုး) လျှော့စားပြီး သဘာဝ အချိုအတိုင်းသာ စားပေးပါ။

-အစာ စားတဲ့အခါ အစားကို တနင့်တပိုးမစားဘဲ ပုံမှန်တော်သင့်ရုံသာ စားပေးပါ။ အစာကို ပါးစပ်ထဲမှာ အချိန် ကြာကြာဝါးပေးပါ။ အချိန်ကြာကြာ ၀ါးပေးခြင်းအားဖြင့် အစာကျေစေပြီး အစာအိမ်နှင့် အူတွေကို ကျန်းမာစေ ပါတယ်။

-အပြောလျှော့ပြီး အလုပ်နဲ့ သက်သေပြပါ။(ဆိုလိုရင်းကတော့ ပိန်အောင် လုပ်တော့မယ်၊ ၀ိတ်ချတော့မယ် ဆိုပြီး အသံနဲ့ အများကြားကောင်းအောင် မပြောဘဲ၊ အစား လျှော့စားပြီး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှား အားကစား ကို မှန်မှန် လုပ်ပေးရမှာပါ။ တကယ်လည်း လုပ်ပေးပါ)

-လောဘလျှော့ပြီး ဒါန ပွားများပါ။ (အကုသိုလ် စိတ်တွေ ဖိစီးနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီး ဆင်းနေတဲ့ သွေးရည်က သူ့အလိုလို ညိုမည်း ပြစ်ခဲလာတာ ကြောင့် နှလုံး ထိခိုက်စေပါတယ်။ ရုပ်ရည် ခက်ထန် ကြမ်းတမ်းစေတဲ့အပြင် အသားအရည် မကြည်လင်တော့ဘဲ အရွယ်ကျမြန်စေပါတယ်။စိတ်ကို အမြဲတမ်း နူးညံ့ နေအောင် ထားဖို့ လိုပါတယ်။ သည်းခံစိတ်ကို အတတ်နိုင် ဆုံး ထားပေးရပါ့မယ်။)

-စိုးရိမ်သောက ဗျာပါဒတွေ လျှော့ချပြီး၊ အိပ်ရေး၀၀ အိပ်ပေးပါ။ တတ်နိုင်သမျှ အိပ်ရေးပျက် မခံပါနှင့်။ (အိပ်ရေးပျက်ပါကလည်း နောက်ရက် အိပ်ရေးဝအောင် ပြန် အိပ်ပေးပါ။)

-ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား စတဲ့ ယာဉ် အမျိုးမျိုးကို လျှော့စီးပြီး လမ်းများများ လျှောက်ပေးပါ။

-ဒေါသ၊ မာန်မာန တွေ လျှော့ချပြီး ဖြူစင်သော စိတ်ထားဖြင့် စိတ်လက်ပေါ့ပါး ပြုံးရွှင်စွာ နေထိုင်ပါ။

အထက်ဖော်ပြပါ အကြောင်းအရာများကို တကယ်ဖြစ်ချင် တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း လိုက်နာကျင့်သုံးပြီး အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ပါစေ လို့ ဆန္ဒပြုရင်း…………………

စကားဝါ (Myawady Web Portal)
မြ၀တီ 

No comments:

Post a Comment