Sunday 28 September 2014

စုစုနွေး လုပ်ကြံခဲ့သော သာယာကုန်းမှ အမှန်တရား

တစ်နေ့ကအင်တာနက်လူမှုကွန်ယက်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရလေသည်။ သတင်းထဲတွင် ဓါတ်ပုံလေးတစ်ပုံလည်းပါရှိလေသည်။ ဓါတ်ပုံထဲတွင် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခလေးငယ် လေးငါးယောက် သည် အုတ်တံတိုင်းတစ်ခုကို ၀ါးလှေကားလေးဖြင့်ကျော်တက်နေသည့် ဓါတ်ပုံဖြစ်သည်။ သတင်းခေါင်းစဉ်ကတော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၏ မြေသိမ်းယူမှုနှင့်အုတ်တံတိုင်းခတ်မှုကြောင့် ရွာခံကလေးငယ်များ ကျောင်းသွား ရာတွင်အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည် ဟူသည့်သတင်းပင်ဖြစ်ပေ တော့ သည်။ ကျွန်ပ်အနေဖြင့်ပထမတော့ အံ့သြသွားခဲ့ရပေသည်။ သို့သော် ထိုသတင်း ၏ ဇစ်မြစ်အစသည် မစုစုနွေး၏ ဖေ့ဘုတ်စာမျက်နှာမှ စတင်လာသည်ကို တွေ့ရှိခဲ့ ရပြီးနောက်တွင်တော့ အံသြခြင်းမဖြစ်ပေါ် တော့ပေ၊ အဘယ်ကြောင့်ဆိုသော် မစုစုနွေး ကျွန်ပ်တို့ရွာသို့လာရောက်ကတည်းက ဒီလိုသတင်းမျိုးကို ကျွန်ပ်တွေ့ရ မည်ကို ကြိုတင်တွက်ဆပြီးဖြစ်ပေသည်။ ထို့ကြောင့်သာယာကုန်းရွာတွင် လက်ရှိနေထိုင်နေ သော ကျွန်ပ်အနေဖြင့်ဤအကြောင်းရာနှင့်ပက်သက်သည့် အကြောင်းစုံကိုအနည်းငယ်ဖော်ပြလိုပါသည်။ 

အမှတ်(၁) ခဲယမ်းမီးကျောက်တပ်သည် ကျွန်ပ်တို့နေထိုင်လျက်ရှိသော ပဲခူးမြို့နယ်၊ သာယာကုန်းကျေးရွာ အုပ်စု အနီးတွင်တည်ရှိပေသည်။ ယခင်ကတည်းက ထိုစစ်တပ်နှင့် ကျေးရွာနေပြည်သူလူထုမှာ မိသားစု သဖွယ် စည်းစည်း လုံးလုံးနေထိုင်ခဲ့ကြပါသည်။ အင်တာနက်သတင်းများနှင့် စုစုနွေး၏ရေးသား ချက်များ တွင်တော့ ခဲယမ်းမီးကျောက်တပ်သည် ယခုအချိန်ကျမှကျေးရွာ လယ်မြေများကို သိမ်းယူကာ အုတ်တံတိုင်းခတ် သယောင်ရေးသားဖော်ပြ ထားသည်ကိုလည်းတွေ့ရှိကြရပေလိမ့်မည်။ အမှန်တကယ် မှာတော့ ထိုသို့မဟုတ်ပေ ထိုစစ်တပ်သည် ယခင်ကတည်းက ထိုမြေများအား တပ်ပိုင်နယ်နမိတ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပေသည်။ ထိုတပ်ပိုင်နယ်နမိတ်အနီးတွင် ယခင်ရွှေလေးကျေးရွာဟောင်းတည်ရှိပြီး ထိုရွာဟောင်းတွင်တော့ လယ်မြေများ စောင့်ရှောက်ရန်အတွက် ယာယီလယ်စောင့်တဲ သဘောမျိုးဖြစ်သည့် နေအိမ်တဲ (၁၀) လုံးခန့်လည်း ကျန်ရှိပေသည်။ ထိုယာယီတဲများတွင်နေထိုင်သောရွာသားများကိုလည်း စစ်တပ်မှအုတ်တံတိုင်းခတ်တော့ မည်ဖြစ်ကြောင်း၊ ၄င်းတို့၏တပ်ပိုင်နယ်နမိတ်နှင့် မလွတ်ကင်းသဖြင့် ရွှေ့ပြောင်းပေးစေလိုကြောင်းကို ၂၀၁၄ခုနှစ် ဇွန်လကတည်းက ခေါ်ယူပြောဆိုခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုရွာသားများမှလည်း ကျွန်ပ်တို့ရွာရှိ ရပ်မိရပ်ဖများနှင့်တိုင်ပင်ဆွေးနွေးကာ မိုးရာသီကုန်လွန်ပါက ထိုနေရာမှထွက်ခွာပေးမည်ဖြစ်ကြောင်းစစ်တပ် အားပြောကြားခဲ့သည်ဟုလည်း ကြားသိခဲ့ရပါသည်။ စစ်တပ်မှအုတ်တံတိုင်းခတ်ခြင်းမှာလည်း ၄င်းတို့တပ်သည် ခဲယမ်းမီးကျောက်တပ်ဖြစ်သည့်အတွက် ဗုံးဆံအမြှောက်ဆံမြောက်များစွာကို သိုလှောင်ထားရသည့် တပ်ဖြစ်ကြောင်း၊ သိုလှောင်ရုံများအား နီးနီးကပ်ကပ်ထား၍မဖြစ်နိုင်ကြောင်း၊ စစ်တပ်အနီးရှိ ကျေးရွာများ အတွက်လည်း အန္တရာယ်ကြီးမားကြောင်း၊ ထို့အပြင် စစ်တပ်၏လုံခြုံရေးသည်လည်းအရေးကြီးသဖြင့်ဟင်းလင်း ပြင်ထဲတွင်ထားရှိ၍မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့်တပ်ကိုအုတ်တံတိုင်း ခတ်ခြင်းဖြစ်ကြောင်းကိုလည်းခဲယမ်းမီး ကျောက်တပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိခဲ့ရပေသည်။  

ကျွန်ပ်အနေဖြင့် အင်တာနက်သတင်းများတွင် ကျေးရွာနေကလေးငယ်များ ကျောင်းသွားရာတွင် အခက် အခဲဖြစ်ပေါ်ကာ အုတ်တံတိုင်းကျော်ကာသွားနေရသည်ဟု ဖော်ပြထားခြင်း၏ အဖြစ်မှန်ကိုလည်း အနည်းငယ် ရေးသားချင်ပါသေးသည်။ ကျွန်ပ်တို့ကျေးရွာ၏ မြောက်ဘက်တွင် အောင်သိဒ္ဒိဘုန်းတော်ကြီးသင်အလယ်တန်း ကျောင်းလေးတစ်ကျောင်းရှိပါသည်။ ရွာနီးချုပ်စပ်မှ ကလေးငယ်များသည် ထိုစာသင်ကျောင်းတွင်သာ သွားရောက်ပညာသင်ကြားရပါသည်။ ကျွန်ပ်တို့ရွာရှိ ကလေးငယ်များအနေဖြင့် ယခင်ကတည်းကစာသင် ကျောင်းသို့လွယ်ကူစွာသွားရောက်နိုင်သည့် ရွာတွင်းမှဖြတ်သန်းသွားရသော လမ်းများလည်းရှိပါသည်။ ဓါတ်ပုံ တွင်ဖော်ပြထားသည့် အုတ်တံတိုင်းကို ကျော်လွှားကာသွားရောက်နေကြသည့် ကလေးငယ်များကတော့ရွာတွင်း မှကလေးငယ်များမဟုတ်ပါ။ ကျွန်ပ်ဖော်ပြခဲ့ပြီးဖြစ်သော ရွာပြင်ယာယီ လယ်စောင့်တဲများမှ ကလေးငယ်များသာ ဖြစ်ပါသည်။ ကျွန်ပ်သိသလောက်ဆိုရင်ဖြင့် ထိုတဲများမှ စာသင်ကျောင်းသို့ သွားရောက် စာသင်သူကလေးငယ် (၅) ဦးမျှသာရှိပါသည်။ ထိုကလေးငယ်များအနေဖြင့် ယခင်ကတည်းကကျောင်းသို့ လာရာတွင်စစ်တပ်မြေ ထဲမှဖြတ်သန်းသွားလာခဲ့ကြပါသည်။ ယခုအခါတွင်အုတ်တံတိုင်းခတ်လိုက်သော် လည်း အုတ်တံတိုင်း ဘေးမှပတ်၍စာသင်ကျောင်းသို့သွားနိုင်သော ပုံမှန်သွားလာနိုင် သည့်လမ်းမှမသွားခြင်းမှာလည်း အကြောင်းရှိ ပေသည်။ မိုးရာသီ ဖြစ်သည့်အတွက် ရွှေလေးချောင်းရေလျှံလျှင် လယ်များအတွင်းသို့ ရေ၀င်လေ့ရှိသည်။ ထို့ကြောင့် ကလေးငယ် များအနေဖြင့် လယ်ကွင်းမှလမ်းကို မသွားဘဲ ယခင်သွားနေကြ လမ်းမှ အုတ်တံတိုင်းကို ကျော်တက်ကာဖြတ်လမ်းမှ သွားလာကြခြင်းဖြစ်ပေသည်။ အင်တာနက်တွင်ဖော်ပြထားသည့် ရွာရှိကလေး ငယ် အားလုံးထိုကဲ့သို့ သွားလာနေကြ သယောင်ရေးသားထားကြသည်မှာ လည်းမဟုတ်ပေ။ 

ယခုလိုအင်တာနက်သတင်းများနှင့် လူမှုကွန်ယက်များတွင် ကျွန်ပ်တို့ကျေးရွာနေ လူထုကို ဗန်းပြကာမဟုတ် မမှန်သတင်းများထုတ်လွှင့်နေခြင်းမှာ ကျွန်ပ်တို့ အနေဖြင့်များစွာ အံ့သြဘနန်းဖြစ်ခဲ့ရပြီး ရှက်ရွံ့မှု၊ စက်ဆုပ်မှု ပါဖြစ်ခဲ့ရပေသည်။ မစုစုနွေးအနေဖြင့်လည်း ကျေးရွာရှိမသိနားမလည်သော လူများအားစည်းရုံးကာ ယခုလို တိုင်းသိပြည်သိမဟုတ်မမှန်လုပ်ကြံသတင်းထုတ်လွှတ်မှုကိုလည်း ကျွန်ပ်တို့ကျေးရွာနေလူထုမှ ရှုံ့ချလိုပါ သည်။ ကျွန်ပ်တို့ရွာနှင့် ထိုစစ်တပ်သည် ယခင်ကတည်းက မိသားစုသဖွယ်နေထိုင်လာကြပြီး စစ်တပ်နှင့်ရွာခံလူထုမှာ မည်ကဲ့သို့မျှပြသနာမရှိပါ။ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအဖွဲ့စည်းများအနေဖြင့် စစ်တပ်၏ဂုဏ်သိက္ခာ ကျဆင်းရန်၊ ၄င်းတို့၏ကိုယ်ကျိုးစီးပွားရရှိစေရန်နှင့် ကျွန်ပ်တို့ရွာခံလူထုနှင့် စစ်တပ်အားသွေးခွဲလိုခြင်းကြောင့် သာယခုလိုလုပ်ကြံ ဖန်တီး သတင်းထုတ်လွှင့်ကြခြင်းဖြစ်ကြောင်း ကျေးရွာနေပြည်သူတစ်ဦး အနေဖြင့်အမှန် တရားကိုရေးသားဖော်ပြလိုက်ရပါသည်။

ဦးရွှေမောင်
သာယာကုန်းကျေးရွာ
ပဲခူးမြို့နယ်။
Credit မြန်မာပြည်သား

No comments:

Post a Comment