Saturday 9 August 2014

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ခွင့်အား ယခင်ရွှေဂုံတိုင် ခုံးကျော် တံတား ကို တည်ဆောက်ခဲ့သည့် Capital Development ကုမ္ပဏီက ထပ်မံတည်ဆောက်ခွင့်ရ

ရန်ကုန်မြို့ မြေနီကုန်းလမ်းဆုံတွင် တည်ဆောက်မည့် မြေနီကုန်းခုံးကျော်တံတား တာဝန်ယူတည်ဆောက်ခွင့်အား ယခင်ရွှေဂုံတိုင် ခုံးကျော်တံတားကို တာဝန်ယူတည်ဆောက်ခဲ့သည့် Capital Development ကုမ္ပဏီက ထပ်မံတည်ဆောက်ခွင့်ရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ မြေနီကုန်းခုံးကျော်တံတား တာဝန်ယူတည်ဆောက်ခွင့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၁၁ ခု တင်ဒါတင်သွင်းခဲ့ပြီး ယင်းတို့အနက်မှ နာမည်ကြီးကုမ္ပဏီများဖြစ်သော ထူးကုမ္ပဏီ၊ Capital Development ကုမ္ပဏီ အပါအဝင် ကုမ္ပဏီငါးခုအား ဆန်ခါတင်အဆင့် ရွေးချယ်ခဲ့ကြောင်းနှင့် ဆန်ခါတင်ကုမ္ပဏီ ငါးခုအနက်မှ Capital Development ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မြေနီကုန်းခုံးကျော်တံတားကို Capital Development ကုမ္ပဏီကို တာဝန်ယူဆောက်ခွင့် ရွေးချယ်လိုက်ပါတယ်။ မကြာမီလုပ်ငန်းတွေ စတင်တော့မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သမ္မတ၏ စီးပွားရေးအကြံပေးကောင်စီဝင် တစ်ဦးဖြစ်ပြီး သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် နီးစပ်သည်ဟုသိရသော ဒေါက်တာကိုကိုကြီး၏ Capital Development ကုမ္ပဏီက မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ခွင့်ကို ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။
မြေနီကုန်းလမ်းဆုံ ပတ်ဝန်းကျင်၏ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခုံးကျော်တံတားဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေနီကုန်းခုံးကျော်တံတားသည် အရှည် ၂၁၃၂ ဒဿမ ၆၅ ပေ၊ အကျယ် ၄၇ ဒသမ ၆ ပေရှိမည်ဖြစ်ပြီး တံတားတည်ဆောက်ရန် ကုမ္ပဏီများ တင်ဒါတင်သွင်းခဲ့စဉ်က လုပ်ငန်းအာမခံကြေး (စိတ်ဝင်စားကြေး) ကျပ်သန်း ၁ဝဝဝ ပေးသွင်းခဲ့ရကြောင်းနှင့် တံတားတည်ဆောက်ခွင့် မရရှိသည့် ကုမ္ပဏီများကို အာမခံစပေါ်ငွေ ပြန်ထုတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်းလုပ်ငန်း အနေဖြင့် အကောင်အထည် ဖော်မည်ဖြစ်ပြီး ကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ သုံးစွဲရန်လျာထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်နေသည့် လမ်းဆုံများတွင် ခုံးကျော်တံတားဆောက်လုပ်ရန် စီစဉ်ခဲ့ပြီး လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားအားFMIကုမ္ပဏီနှင့် ရွှေဂုံတိုင်ခုံးကျော်တံတားအား Capital Development ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်ခွင့် ရခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေါပုံနှင့် သင်္ဃန်းကျွန်း ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတား တာဝန်ယူတည်ဆောက် ခွင့်ကိုလည်း Crown Advance ကုမ္ပဏီကရရှိခဲ့ပြီး ယင်းတံတားကိုလည်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်းအနေဖြင့် ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလျံ အကုန်အကျခံ တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment