Saturday 9 August 2014

ဖမ်းထားတဲ့ကားကို ကိုယ့်သဘောနဲ့ကိုယ်ပြန်ယူတဲ့ သရုပ်ဆောင်ဘုဏ်းသိုက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲပြီ

အဆိုတော် ချမ်းချမ်း၏ ခင်ပွန်းဖြစ်သူ ရူပ်ရှင်နှင့် ဗီဒိုယိုသရုပ်ဆောင်ဘုဏ်းသိုက်ကို ယာဉ်ထိန်းရဲမှ တရားစွဲတင်ပို့ထားမှုအပေါ် လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ မြို့နယ်တရားသူကြီးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် သရုပ်ဆောင်ဘုဏ်းသိုက်သည် ယာဉ်မရပ်ရန် သတ်မှတ်ထားသော နေရာတွင် ၎င်း၏ကားကို ရပ်နားထားသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကရိန်းဖြင့်ဆွဲကာ အရေးယူခြင်းကို မချေမငံပြောဆိုကာ ကားကိုပြန်လည်ရယူပြီ မောင်းနှင်ထွက်သွားသဖြင့် ပုဇွန်တောင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တရားစွဲဆိုခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
“တရားရုံးမှာ လက်ခံစစ်ဆေးဖို့အတွက် ဒီနေ့ပဲ အမှုဖွင့်လိုက်ပါတယ်။ ရုံးချိန်းကိုတော့ ညှိနှိုင်းပြီး ချိန်းဆိုစစ်ဆေးသွားမည်” ဟု ပုဇွန်တောင်မြို့နယ်၊ တရားသူကြီး ဦးနေအောင်မြင်က ပြောသည်။
အဆိုပါကားကို ယာဉ်မရပ်ရန် သတ်မှတ်ထားသည့်နေရာဖြစ်သည့် ဗိုလ်တထောင်ဘုရားလမ်းပေါ်တွင် ရပ်နားထားခဲ့သဖြင့် ဖမ်းဆီးရေးဆောင်ရွက်နေသည့်အဖွဲ့က ဖယ်ရှားပေးရန် အသံချဲ့စက်ဖြင့် သတိပေးကာ စောင့်ဆိုင်းခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသဖြင့် ကရိန်းဖြင့် ဆွဲခဲ့ပြီး ရှင်စောပု ကားဝင်း သို့ မပို့မီ ၅၂ လမ်းရုံး၌ ခေတ္တထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။

ထိုသို့ ၅၂လမ်းရုံး၌ ၄င်းပိုင်မော်တော်ယာဉ်အား ထိန်းသိမ်းထားစဉ် သရုပ်ဆောင်ဘုဏ်းသိုက်ရောက်ရှိလာပြီး ယာဉ်ထိန်း တပ်ဖွဲ့ဝင်များကို မချေ မငံပြောဆိုဆက်ဆံပြီး ကားကို မိမိသဘောဖြင့် မောင်းနှင်ထွက်သွားသဖြင့် အရေးယူပေးရန်အတွက် ပုဇွန်တောင်မြို့နယ်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒု-ရဲမှူး ညီညီလှိုင်က တရားစွဲဆိုတင်ပို့ထားခြင်းဖြစ်သည်ဟု ရဲမှတ် တမ်းများ၌ ဖော်ပြထားသည်။

“ဖမ်းဆီးထိန်းသိမ်းထားတဲ့ကားကို ကိုယ့်သဘောနဲ့ကိုယ် လာယူပြီး မောင်းနှင်သွားတာ ဒီမြို့နယ် မှာ ဒါက ပထမဆုံးပါပဲ။ ကျန်တဲ့သူတွေက ထိုက်သင့်တဲ့ပြစ်ဒဏ်၊ ဒဏ်ကြေးကို ပေးဆောင်ပြီးမှ ကားကို ပြန်ရကြတာပါ” ဟု ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒု-ရဲမှူးညီညီလှိုင်က ပြောသည်။

ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် ပုဇွန်တောင်မြို့မရဲစခန်းမှ (ပ) ၁၁၄/၂၀၁၄ ဖြင့်၊ ပြစ်မှုပုဒ်မ ၃၅၃ ဖြင့် ဇွန်လ ၂ ရက်နေ့တွင် အမှုဖွင့်ပြီး ပုဇွန်တောင်မြို့နယ် တရားရုံးက သြဂုတ် ၈ ရက်တွင် လက်ခံစစ်ဆေးသွားမည်ဖြစ်သည်။

“အမှုနဲ့ပတ်သက်ပြီး လောလောဆယ်တော့ ပြောစရာမရှိပါဘူး။ ရှေ့နေငှားပြီးတော့ အမှန်တရား ပေါ်ပေါက်အောင် ဆောင်ရွက် သွားမယ်” ဟု ဘုဏ်းသိုက်၏ဇနီး အဆိုတော် ချမ်းချမ်းက ပြောသည်။

ယာဉ်မရပ်ရနေရာများတွင် ရပ်နားသည့်ယာဉ်များကို ကရိန်းဖြင့် ဆွဲသည့်စနစ် စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ၂၀၁၄ သြဂုတ်လဆန်းပိုင်းအထိ ပုဇွန်တောင်မြို့နယ်တွင် ယာဉ်အစီးရေ ၅၅၁ စီး အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။
Shwe Myitmakha Media Group

No comments:

Post a Comment