Saturday 9 August 2014

(၂၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်၌ ပြုလုပ်

(၂၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၈ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က အမှတ်တရစကား ပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ၈၈ ကာလ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် အခြားသော နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။ အလားတူ အခမ်းအနားသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ နိုင်ငံအကျဉ်းသားဟောင်းများ၊ ပလောင်(တအာင်း) အမျိုးသမီးအစည်းအရုံး၊ မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ၊ ABSDF၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ‘၀’ အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီဗဟိုဌာနချုပ်၊ အမျိုးသမီးများ ငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက်၊ ၈၈ မျိုးဆက် မျိုးဆက်သစ်လူ့အဖွဲ့အစည်း (မလေးရှား)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်တို့မှ သ၀ဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက “ဒီလှုပ်ရှားမှုကြီးက ကြီးကျယ်ပြီးတော့ ခမ်းနားတဲ့ လှုပ်ရှားမှုကြီးပါ။ ဒါ့ကြောင့် လူငယ်အပေါင်းတို့ဟာ လွတ်လပ်ရေးအရသာကို ခံစားနိုင်အောင်အထိ တစ်ဆင့်ထက်တစ်ဆင့်တိုးပြီး လုပ်ဆောင်သွားနိုင်အောင် အခုလိုနေ့မျိုး ရောက်တဲ့အခါတိုင်းမှာ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ကျေးဇူးတင် အမှတ်ရသောအားဖြင့် ပိုမိုထင်ရှားတဲ့ ဆောင်ရွက်မှုများကို ပြုလုပ်ပါလို့လည်း တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကလည်း ရွေးကောက်ပွဲကျင်းပရုံ၊ လွှတ်တော်များရှိရုံဖြင့် ဒီမိုကရေစီ ရရှိမည် မဟုတ်သကဲ့သို့ ရှစ်လေးလုံးအရေးတော်ပုံက ချမှတ်ပေးသည့် အာဏာရှင်စနစ် ဖယ်ရှားရေး၊ ဒီမိုကရေစီထွန်းကားရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများနှင့် သဟဇာတဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကဲ့သို့ ပြည်သူများ၏ မျှော်လင့်ချက်များကို အပြောင်းအလဲကာလများတွင် အဓိကထား လုပ်ဆောင်သင့်ကြောင်း အမှတ်တရစကား ပြောကြားခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “ဒီဘက် ၂၆ နှစ်ကာလအတွင်း ဒီကနေ့ကာလက စစ်အာဏာရှင်ဆိုတဲ့ လူအပေါင်းတွေ လျော့ကျသွားပေမယ့် ကျွန်တော်တို့မှာ ဒီမိုကရေစီ သားလုခန်းလည်း ပြန်ကြုံနေရပါတယ်။ ကျွန်တော်တို့ ဒီကနေ့တော့ အားလုံးအတူတူ ဖြတ်သန်းခဲ့ကြတဲ့အပေါ်မှာ အားနည်းချက်တွေ အားသာချက်တွေ ရှိတာကို ပြန်ပြီးတော့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်တာကို ဘယ်အတားအဆီး၊ ဘယ်ခြိမ်းခြောက်မှုကိုမဆို ကျွန်တော်တို့ ကျော်လွှားနိုင်တယ်။ ယုံကြည်တာကိုတော့ တစ်စိုက်မတ်မတ် လျှောက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာအားနည်းလည်းဆိုရင် တစ်စုတစ်စည်းတည်း အကောင်အထည်ဖော်နိုင်မှုတွေမှာတော့ အားနည်းတယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment