Saturday 9 August 2014

အာဆီယံဒေသတွင်းဖိုရမ် မပြုလုပ်မီ သြဂုတ် ၈ ရက်တွင် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ နေပြည်တော်၌ သီးခြားတွေ့ဆုံရန် လျာထားသည့်အစီအစဉ် ပျက်ပြယ်

အာဆီယံ ဒေသတွင်းဖိုရမ် မပြုလုပ်မီ သြဂုတ် ၈ ရက်တွင် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ နေပြည်တော်၌ သီးခြားတွေ့ဆုံရန် လျာထားခဲ့သည့် အစီအစဉ်မှာ ပျက်ပြယ်ခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၈ ရက်တွင် သီးခြားတွေ့ဆုံရန် လျာထားခဲ့သော အဆိုပါအစီအစဉ်မှာ မည်သည့်အတွက်ကြောင့် ပျက်ပြယ်ခဲ့သည်ကို မသိရှိရသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရောက်ရှိမလာ သေးသဖြင့် ပျက်ပြယ်ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အမေရိကန်နှင့် တရုတ်တို့ သီးခြားတွေ့ဆုံမှုတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှု များ ပြုလုပ်လိမ့်မည်ဆိုသော သတင်းများထွက်ပေါ်ချိန်၌ သီခြားတွေ့ဆုံမည့် အစီအစဉ် ပျက်ပြယ်ခဲ့ခြင်း လည်း ဖြစ်သည်။

အမေရိကန်အနေဖြင့် အာဆီယံဒေသတွင်းဖိုရမ်ကို အသုံးပြုကာ တောင်တရုတ်ပင်လယ် အရေးကိစ္စ အတွက် ဖိအားပေးလိမ့်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖြစ်နိုင်ခြေမရှိကြောင်း ပြောကြားသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအစည်းအဝေးကို အသုံးပြုပြီး တောင်တရုတ်ပင်လယ် အရေးကိစ္စအတွက် ဖိအားပေးမယ်ဆိုတာက သိပ်တော့မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ကို အာဆီယံအနေနဲ့ ညီညွတ်တဲ့သဘောထားကို ထုတ်ပြန်ခဲ့တယ်။ နောက်ပိုင်းမှာလည်း တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးပွဲနှစ်ခု ဆက်ကျင်းပခဲ့တယ်။ အဲဒီအတွက် တောင်တရုတ်ပင်လယ်အရေးက တင်းမာမှုလျော့ကျသွားပြီ။ အဲဒီအတွက် ဒီကိစ္စကို ဒေသတွင်းဖိုရမ်မှာ ကိစ္စတစ်ခုအနေနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပေမယ့် သီးခြားထုတ်ပြန်ချက် ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး” ဟု ပြန်ကြားရေးဝန်ကြီး ဌာန၀န်ကြီးနှင့် အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

တရုတ်နိုင်ငံသည် အာဆီယံဒေသတွင်းဖိုရမ် မစတင်မီ သြဂုတ် ၇ ရက်က တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်၊ ထိုင်ဝမ်တို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် ကျွန်းငါးကျွန်းတွင် မီးပြတိုက်များ ဆောက်လုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှတစ်ဆင့် ကြေညာချက်ထုတ်ခဲ့သည်။

ထိုသို့ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အာဆီယံဒေသတွင်းဖိုရမ်တွင် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုများ လွှမ်းမိုးလိမ့်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဘက်က တရုတ်နိုင်ငံအား ဖိအားပေးလိမ့်မည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ အနေဖြင့်မူ ထိုကဲ့သို့ တောင်းဆိုမှုများအပေါ် လုံးဝဂရုစိုက်နေမည် မဟုတ်ကြောင်း ပေဂျင်းက ပြောဆို ထားသည်။

“တောင်တရုတ်ပင်လယ်အရေးကို အမေရိကန်က ဒေသတွင်းဖိုရမ်မှာ ပြောကောင်းပြောလိမ့်မယ်။ ဒါပေမယ့် သူက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူ မဟုတ်ဘူးလေ။ အာဆီယံနဲ့ တရုတ်က လက်ခံထားတာက ဒါဟာ ဒေသတွင်းပြဿနာ။ ဒေသတွင်းနိုင်ငံ အချင်းချင်းပဲ ညှိနှိုင်းဖြေရှင်းရမယ်။ ဒါကို တရုတ်နိုင်ငံကလည်း အစကတည်းက ပြောထားပြီးသားပါ” ဟု ဦးရဲထွဋ်က ပြောကြားသည်။

သြဂုတ် ၁၀ ရက်တွင်ပြုလုပ်မည့် အာဆီယံဒေသတွင်းဖိုရမ်၌ ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေးမှုနှင့် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုများက ထိပ်တန်းဖြစ်လာနိုင်သည်။

အမေရိကန် ကိုယ်စားလှယ်များအနေဖြင့် သြဂုတ် ၈ ရက်တွင် တရုတ်အပြင် ဖိလစ်ပိုင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ကိုလည်း လျာထားခဲ့ပြီး ထိုလျာထားချက်မှာလည်း ပျက်ပြယ်ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment