Thursday 5 June 2014

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်နိုင်ရေး MPC နှင့်နိုင်ငံရေးပါတီများ စတင်ဆွေးနွေး

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ မူဘောင် ရေးဆွဲရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စတင်ဆွေးနွေးပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။ 

ဇွန်လ ၄ ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ချမှတ်ရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက် နှစ်လအကြာတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးချက်မူဘောင်များ ချမှတ်နိုင်ရေးအတွက် တိုင်းရင်းသားပါတီ ၁၁ ပါတီ ပါဝင်ဖွဲ့စည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာ မိတ် FDA အဖွဲ့၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသို့ တက်ရောက် ဆွေးနွေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ သိရသည်။ 

“အစိုးရက နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပေးပါမယ်ဆိုတဲ့ အချက်ကို တိုင်းရင်းသားတွေဘက်က ယုံကြည် လာဖို့အတွက် လုပ်ငန်းစတဲ့ သဘောပါပဲ” ဟု ဦးခင်မောင်ဆွေက ဆိုသည်။ 

ထို့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် အချက်များ၊ အချိန်အတိုင်းအတာနှင့် ရည်ရွယ်ချက် များကို အစိုးရ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံညှိနှိုင်းရမည် ဖြစ်ကြောင်း MPC ထံမှသိရသည်။ 

အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး မူဘောင် ချမှတ်နိုင်ရန် နှစ်လခန့်သာ အချိန်ရှိသောကြောင့် တိုင်းရင်းသား ပါတီများနှင့် ကြိုတင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများဖြင့် ပြင်ဆင်ခြင်း ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ပြောကြားသည်။ 

“ကျွန်တော်တို့က တိုင်းရင်းသား ပါတီတွေကို စပြီးဖိတ်တာပါ။ နောက်ဆွေးနွေးပွဲတွေမှာတော့ ပါတီတွေ အားလုံးရဲ့ သဘောထားတွေကို ရယူမှာပါ” ဟု ၎င်းကဆိုသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးအပြီး ရက်ပေါင်း ၆၀ အကြာတွင် အစိုးရ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ထားသည်။ 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ဆွေးနွေးလျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သီးခြား အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုထားသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်မူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။ 

မေလ အတွင်းတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT တို့၏ ဆွေးနွေးပွဲတွင် အပစ်အအခတ် ရပ်စဲရေး စာချုပ် အတွက် ၇၀ ရာခိုင်နှုန်းကျော် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များ ကြေညာထားသည်။

The Voice Weekly 

No comments:

Post a Comment