Friday 13 June 2014

လက်နက်ကိုင်နှင့် ပြစ်မှုကျူးလွန်သူများ ထိန်းချုပ်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အရှိန်မြှင့် လုပ်ဆောင်မည်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လက်နက်ကိုင် အဖွဲ့များနှင့် ပြစ်မှုကျူးလွန်သူများကို ဟန့်တားထိန်းချုပ်နိုင်ရန် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းကာ အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဇွန်လ ၁၂ ရက်နေ့က ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။

မေလအတွင်း နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များသည် နေပြည်တော်ရှိ Horizon Lake View Resort တွင် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပြီး ဇွန်လ ၁၂ ရက်နေ့တွင် သဘောတူညီချက် ကိုးချက် ပါဝင်သည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

နယ်စပ်ဒေသ ပြဿနာများ ဖြေရှင်းရေး သို့မဟုတ် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အဆင့်ဆင့် သော ကွပ်ကဲရေးမှူးများနှင့် ဦးစီးအရာရှိများကြား တိုက်ရိုက်ဆက်သွယ်မှုစနစ် ထူထောင်ရန်၊ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းမှ RSO သောင်း ကျန်း သူ များအပေါ် မြန်မာနိုင်ငံက ပေးသော သတင်းအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း ယင်းပူတွဲ ကြေညာချက်တွင် ပါရှိသည်။

တရားမဝင် လက်နက်ကိုင်များနှင့် ပြစ်မှုကျူးလွန်သူများကို ဘင်္ဂလားဒေ့ရှ် မြေတွင် လက်ခံထားခြင်း မရှိသလို နောင်တွင်လည်း လက်ခံသွားမည် မဟုတ်ကြောင်း ဖြစ်ပွားခဲ့သည့် ပြဿနာများကို စုံစမ်းဖော် ထုတ်ကာ မြန်မာအစိုးရကို ပြန်လည် အကြောင်းပြန်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောဆိုထား သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ Precursor Chemicals နှင့် တရားမဝင် မူးယစ် ဆေးဝါး ကုန်သွယ်မှုများကို ထိန်းချုပ်ရန် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး အဖွဲ့တို့ကြား သတင်းဖလှယ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

နယ်စပ်နိုင်ငံ ဖြတ်ကျော် မှုခင်းများ တားဆီးနှိမ်နင်းရေးစနစ်ကို ဖော်ဆောင်ရန် နယ်စပ်ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်သွားမည် ဖြစ်ပြီး မေလအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာမျိုး ထပ်မဖြစ်ရန် အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရှိရသည်။

လက်ရှိတွင် နတ်မြစ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်လာသော ဖြစ်စဉ် ၂ ခုတွင် ဖမ်းဆီးထား သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမားများကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေး ယူထားသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရကို ရှင်းပြခဲ့ကြောင်း ယင်းဌာနချုပ်မှ သိရှိရသည်။

ယင်းပူးတွဲထုတ်ပြန်ချက် အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Aziz Ahmed နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပရန် လျာထားထားသည့် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ပါရှိသည်။

အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားကာ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက်သို့ ပေ (၈၀) ခန့် အကွာသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူသည် (BGB) မှ တပ်ကြပ်အဆင့်ရှိသူ Nayek Mizanur Rahman ဆိုသူဖြစ်ပြီး ၎င်းကို ပြန်ပေးရန် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်များကြား မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

The Voice Weekly 

No comments:

Post a Comment