Friday 13 June 2014

ဖွဲ့စည်းပုံအသစ်ကို ၉၀ ရွေးကောက်ခံ အမတ်များ ရေးမည်

ဖယ်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအဖွဲ့က နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းကာရေးဆွဲသွားမည်ဟု အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရန်နှင့် ဖွဲ့စည်းပုံတစ်ရပ်ပေါ်ထွန်းလာရန်၊ ဇွန်လ ၁၃ ရက်တွင် ၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က အစည်းအဝေးကျင်းပကာ တိုင်းရင်းသား အဖွဲ့များဖြစ်သည့် UNFC၊ UNA တို့အပြင် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်ကို ဆွေးနွေးမည်ဟု ပြောကြားသည်။

အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဇူလိုင်လက စပြီး ခြောက်လအတွင်း အပြီး သတ် ရေးဆွဲသွားမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရနဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေအားလုံးကို ဖိတ်ခေါ်သွားမယ်”ဟု ပြောသည်။

လက်ရှိနိုင်ငံရေးပါတီ ၆၅ ခုအနက် တိုင်းရင်းသားပါတီများနှင့် ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ၊ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ၊ UNA၊ UNFC အစရှိသည့် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့စည်းများကို ဖိတ်ခေါ်၍ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းကာ ပူးပေါင်းရေးဆွဲသွားမည်ဟု ဆိုသည်။ 

Mizzima - News in Burmese 

No comments:

Post a Comment