Friday 13 June 2014

ရန်ကုန်မြစ်အတွင်း ပြေးဆွဲသည့် စက်တပ်သမ္ဗန်များ မိုးသည်းချိန်တွင် ထွက်ခွာခြင်း မပြုရန်တားမြစ်

ရန်ကုန်မြစ်အတွင်းရှိ ပြေးဆွဲနေသော စက်တပ်သမ္ဗန်ယာဉ်များအား သက်ဆိုင်ရာ ဂိတ်တာဝန်ရှိသူများက ခရီးသည်များ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် မိုးသည်းထန်စွာ ရွာသွန်းချိန်နှင့် လေပြင်းတိုက်ခတ် နေချိန်များတွင် ထွက်ခွာခြင်း မပြုလုပ်ရန် အသိပေး တားမြစ်ထားကြောင်း ဒလမြို့ ကမာအောင် စက်တပ် သမ္ဗန်ယာဉ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

"မိုးအရမ်းရွာတဲ့အခါ ခရီးသည်တွေ အန္တရာယ်မဖြစ်စေဖို့အတွက် သမ္ဗန်တွေကို မထွက်ခိုင်းဘဲ ရပ်ခိုင်းထား ပါတယ်။ ယာဉ်မောင်းတွေကိုလည်း စည်းကမ်းချက်အတိုင်း မောင်းနှင်ဖို့ မှာထားသလို မနက်တိုင်းလည်း ကြီးကြပ်အဖွဲ့တွေက လိုက်လံစစ်ဆေးပေးနေပါတယ်" ဟုဒလမြို့၊ ကမာအောင် စက်တပ် သမ္ဗန်ယာဉ်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်နီက ပြောသည်။ မိုးရာသီကာလအတွင်း ခရီးသည်များ လုံခြုံမှုရှိစေရန်အတွက် စက်တပ်သမ္ဗန် ယာဉ်များတွင် ယာဉ်မောင်းသူအပါအဝင် ခရီးသည် ၁၀ ဦးအတွက် အသက်ကယ်အင်္ကျီ ၁၁ ထည်ထားရှိရန်၊ သမ္ဗန်ဘေးလိုက်ကြိုးများ ပြုလုပ်ရန် နံနက် ၆ နာရီနှင့် ညနေ ၆ နာရီ ယာဉ်ထွက်ခွာ ချိန်များတွင် အချက်ပြမီးထွန်း၍ ထွက်ခွာရန် စစ်ဆေးလျက်ရှိပြီး ဒလမြို့ရှိ သမ္ဗန်ဂိတ်နှင့် ရန်ကုန်မြို့ရှိ ဂိတ်များတွင် လက်ကိုင်စကားပြောစက်များ ကိုင်ဆောင်ထားသည့် အစောင့်များဖြင့် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ပါက ကူညီနိုင်ရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။ 

ယခုရက်ပိုင်းအတွင်းတွင်လည်း ဗိုလ်တထောင်ဆိပ်ကမ်း သမ္မတသမ္ဗန် ကူးတို့ဆိပ်အနီးတွင် မြစ်အတွင်း ကျိုးကျနေသည်ကို ယာဉ်မောင်းမှ သတိမမူဘဲ ဖြတ်မောင်းမှုကြောင့် သမ္ဗန်တိမ်းမှောက်ခဲ့သဖြင့် သတ်မှတ် သည့် စည်းကမ်းချက်များအတိုင်း လိုက်နာရန် လိုအပ်ကြောင်း သိရသည်။ 

"မိုးတွင်းကာလဆိုတော့ အသက်ကယ်အင်္ကျီတွေကို မဝတ်လို့မရပါဘူး။ ကျွန်တော်တို့ကလည်း သန့်ရှင်း အောင် ထားပါတယ်။ နွေမှာခရီးသည်တွေက အင်္ကျီတွေကို မကိုင်ကြပေမယ့် မိုးရာသီမှာတော့ အသက် အန္တရာယ် မဖြစ်အောင် ကိုင်စီးလာကြပါတယ်။ ကြီးကြပ်ရေးအဖွဲ့ကလည်း ခရီးသည်တွေကို လိုက်ရှင်းပြပေး ပါ တယ်"ဟု ကမာအောင် စက်တပ်သမ္ဗန်များအသင်း ဥက္ကဋ္ဌ ဦးတင်နီက ပြောသည်။ 

လက်ရှိ ရန်ကုန်ဆိပ်ကမ်းဘက်မှ ဒလဆိပ်ကမ်းဘက်သို့ နေ့စဉ်ပြေးဆွဲပေးနေသော သမ္ဗန်ဆိပ် ၁၀ခုရှိပြီး ကမာအောင် သမ္ဗန်ဆိပ်တွင် စက်တပ်သမ္ဗန်ယာဉ် ၁၈၀ စီးဖြင့် နေ့စဉ် ခရီးသည် တစ်သောင်းကျော်အား ပန်းဆိုးတန်းနှင့်ဒလ သမ္ဗန်ဆိပ်များသို့ လွန်းပျံပြေးဆွဲပေးနေကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment