Friday 13 June 2014

“ အငြင်းပွားမူများကြားက အားကောင်းလာသော PR စနစ်

” 13.6.2014 လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲအပါအ၀င် ရွေးကောက်ပွဲအားလုံးတွင် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်များရွေးချယ်ရာ၌ မဲအချိုးကျကိုယ်စားပြုစနစ် (Proportional Representa tive – PR) ကို ကျင့်သုံးရန် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် အဆိုတင်သွင်း ခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ အခြေ အနေအရ ကျင့်သုံးရန်မသင့်သေးဘူးလို့ ထင်မြင်မိပါတယ်။ မဲအချိုးကျကိုယ်စားပြု PR စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့် ပုံစံမဟုတ်ဘဲ ထောက်ခံမဲအချိုးကျအပေါ်မူတည်ပြီး လွှတ် တော် ကိုယ်စားလှယ် ရရှိသည့်ပုံစံ ဖြစ်သည်။ ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်း ရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်ပါတယ်။ အဲဒီိလို ဖြစ်လာရင် တိုင်းပြည်ရဲ့ အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ ဂျာမဏီနိုင်ငံမှာတောင် ဒီ PR စနစ်ကို ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင်ဟစ်တလာ တက်လာကာကို ဥပမာအနေနဲ့ ပြောချင်ပါ တယ်။

ဒါကြောင့်လည်း ဂျာမာန်ဒီမိုကရေစီ ပျက်ပြားရခြင်းဟာ PR စနစ်ကြောင့်ဆိုပြီး ပြောစမှတ် တွင်သွားခဲ့ ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီက အခုမှ အပင်ပေါက်လေးအရွယ်ပဲ ရှိသေးတာပါ။ မဖွံ့ဖြိုး သေးခင် တစ်ခါတည်း သင်းသတ်တဲ့ ပုံစံမျိုးဖြစ်စေမယ့် ဒီစနစ်ကို သေသေချာချာ မလေ့လာဘဲ မကျင့်သုံး စေချင်ပါဘူး။ ညီနောင်တိုင်းရင်းသာပါတီများ ဖက်ဒရေးရှင်း NBF အနေဖြင့်လည်း အဆိုပါ ကိစ္စနှင့် ပက်သတ်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ကာ PR စနစ်ကို အသုံးပြုပါက တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင်ခွင့်မရလျင် တိုင်းရင်းသားစည်းလုံးညီညွှတ်မူကို ပျက်ပြားစေ၍ လက်နက်ကိုင် ပဋိပက္ခများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်တော့ ကြောင်း၊ PR စနစ်ကို ကျင့်သုံးသူသည် တိုင်းရင်းသား လူနည်းစုများ၏ ဘုံရန်သူဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်က တိုင်းရင်းသားများအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတောင် ရွေးကောက်ပွဲအကြောင်း နားမလည်သူများ အများအပြားရှိကြောင်း၊ သေချာနားလည် သဘောပေါက် အောင် မနည်းရှင်းပြ ရကြောင်း၊ တိုင်းရင်းသားများအနေဖြင့် စာတက်ပေတက် နည်းပါးသဖြင့် ဒီစနစ်ကို ကျင့်သုံးမည် ဆိုပါက ပိုမိုရူပ်ထွေးမူများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

အမျိုးသာလွှတ်တော်တွင် လာမည့်ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲ PRစနစ် ပြောင်း လည်း ကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်ခဲ့သော်လည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များက ထောက်ခံကြသည့်အတွက် အဆိုအတည်ဖြစ်သွားပြီဖြစ်ကြောင်း သိရပါသည်။ အဆို အနိုင်ရသွားသော်လည်း ရွေးကောက်ပွဲစနစ် အရေးကြီးသည့်အတွက် လွှတ်တော် အနေဖြင့် ကော်မရှင်ဖွဲ့၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနိုင်းဆွေးနွေးရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောကြားထားပါသည်။ တကယ်တော့ စနစ်တခုဆိုတာ ချက်ချင်းအဆိုတင်သွင်း၊ ချက်ချင်းအတည်ပြုဆိုပြီး ချက်ချင်းအသုံးပြုမည်ဆိုပါလျင် ကောင်းကျိုးထက် ဆိုးကျိုးများသာ ကြုံတွေ့နိုင်ပါသည်။ ဒီမိုကရေစီသက်တမ်း နူနယ်သေးသည့်အပြင် မြန်မာနိုင်ငံ နိုင်ငံရေး ဓလေ့ထုံးစံအရ ပါတီတွင်း အကွဲအပြဲများ ဖြစ်ပေါ်တတ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် အချိုးကျ ကိုယ်စားပြု စနစ်က အလုပ်မဖြစ်နိုင်ဟု အငြင်းပွားမူများရှိနေသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးလာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် နိုင်ငံရေးသမားအချို့မှ ခန့်မှန်းပြောကြားထားပါသည်။ 

Credit to ကိုအောင်မိုး

No comments:

Post a Comment