Friday 13 June 2014

ဒီယေဂိုဖော်လန်၏ အသင်းနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစမ်းမည်

တောင်အမေရိကတိုက် ချန်ပီယံ ဥရုဂွေးအသင်းမှ ကမ္ဘာကျော် တိုက်စစ်မှူး ဒီယေဂိုဖော်လန် ကစားလျက် ရှိသည့် ဂျပန် ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာ အသင်းနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတို့ သုဝဏ္ဏကွင်း၌ ဇွန်လ ၂၈ ရက်နေ့တွင် ခြေစမ်းကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုနှင့် နီပွန်ဖောင်ဒေးရှင်းတို့ ညှိနှိုင်းမှုများအရ ခြေစမ်းကစားခြင်း ဖြစ်ရာ ယင်းပွဲကို ညနေ ၅ နာရီတွင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ်တစ်ထောင်နှင့် ရိုးရိုးတန်း ကျပ်ငါးရာ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဂျပန်ကလပ် ဆီရီဇိုအိုဆာကာ အသင်းတွင် ဥရုဂွေးအသင်း တိုက်စစ်မှူး ဒီယေဂိုဖော်လန်နှင့် ဂျပန်လက်ရွေးစင် အသင်း၏ တိုက်စစ်မှူးကာတာနီ၊ ကွင်းလယ်ကစားသမား ယာမာဂူချီတို့မှာ ဘရာဇီးနိုင်ငံတွင် ကျင်းပလျက် ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် လိုက်ပါနိုင်ခြင်း မရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မြန်မာ့လက်ရွေးစင်အသင်းမှာ ဂျပန်ကလပ်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ဗီယက်နမ်အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဟိုချီမင်းမြို့တွင် ကစားမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။
“ခြေစမ်းပွဲကို ရုပ်သံကနေ တိုက်ရိုက် ပြသနိုင်ဖို့ လက်ရှိအချိန်မှာ ရုပ်သံလိုင်းတွေနဲ့ ညှိနှိုင်းတဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးဇော်မင်းထိုက်က ဖြည့်စွက်ပြောဆိုသည်။ 

ဂျပန်ဂျေလိဂ် ကလပ်အသင်း ဆီရီဇိုအိုဆာကာ အသင်းတွင် ကစားသမား ၂၃ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ယခုနှစ် ဂျေလိဂ်ပြိုင်ပွဲတွင် အဆင့် ၁၃ နေရာ၌သာ ရပ်တည်လျက်ရှိသည့် ယင်းအသင်းတွင် နိုင်ငံခြားသား ကစားသမားအဖြစ် ဥရုဂွေး ကစားသမားတစ်ဦး၊ သြစတြေးလျ ကစားသမားတစ်ဦး၊ ဆားဘီယား ကစားသမားတစ်ဦးနှင့် တောင်ကိုရီးယား ကစားသမား နှစ်ဦးတို့ ကစားလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment