Friday 13 June 2014

ကမ္ဘာ့ဖလား ဗိုလ်လုပွဲနှင့် ပွဲစဉ်အချို့ မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ပြမည်

Photo: ကမ္ဘာ့ဖလား ဗိုလ်လုပွဲနှင့် ပွဲစဉ်အချို့ မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ပြမည် 
Friday, June 13, 2014

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအနက်မှ ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် ၈ ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။ 
“ဖွင့်ပွဲ အခမ်းအနားနဲ့ ဘရာဇီး-ခရိုအေးရှားပွဲ အပါအဝင် ၈ ပွဲ Free To Air ပြပါမယ်။ Sky Net နဲ့ ပူးပေါင်းပြီး လုပ်တာပါ။ စီစဉ်တာ နောက်ကျသွားတဲ့အတွက် ၈ ပွဲပဲ ပြလို့ရတာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ၁၆ သင်း ရှုံးထွက်အဆင့်မှ ဇွန်လ ၃၀ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ပွဲစဉ် ၅၃ နှင့် ဇူလိုင်လ ၁ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ပွဲစဉ် ၅၅၊ ကွာတားဖိုင်နယ်မှ ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပမည့် ပွဲစဉ် ၅၇ နှင့် ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပမည့် ပွဲစဉ် ၅၉၊ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ပွဲနှင့် ဗိုလ်လုပွဲများကို တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထံမှ သိရသည်။

“တတိယလုပွဲကတော့ FIFA နဲ့ ညှိမရလို့ ပြလို့မရဘူး။ အဖွင့်ပွဲ ပြပြီးရင် နောက်ထပ်တစ်ပွဲကို ၃၀ ရက်နေ့မှ ပြရမှာဆိုတော့ ကြားထဲမှာ နောက်ထပ် အစီအစဉ်လေးတွေ ထပ်စီစဉ်ဖို့ စဉ်းစားနေပါတယ်” ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။ 

ဘရာဇီးနိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံတွင် Sky Net ရုပ်သံလိုင်းက တစ်ဦးတည် မူပိုင်ခွင့်ဖြင့် ပြရန် FIFA ထံမှ တရားဝင် ဝယ်ယူထားပြီး ပွဲစဉ်အားလုံးနှင့် ပွဲကြိုသုံးသပ်ချက်များကို Sky Net ရုပ်သံလိုင်းများတွင်သာ ပြသမည် ဖြစ်သည်။

“၈ ပွဲထဲ ပြတယ် ဆိုပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေ ပါတဲ့အတွက် တော်သေးတယ်လို့ပဲ ပြောရမှာပေါ့။ ဖြစ်နိုင်ရင်တော့ တစ်ရက် တစ်ပွဲလောက် ပြစေချင်တယ်။ ကျွန်တော်တို့က Sky Net လည်း ဝယ်တတ်နိုင်တာ မဟုတ်တော့ ကိုယ်ကြိုက်တဲ့အသင်း ကန်တာ ကြည့်ချင်ရင် လက်ဖက်ရည်ဆိုင် သွားကြည့်ရမှာ” ဟု မင်္ဂလာဒုံမြို့နယ်မှ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ဦးကျော်ကျော်ဆွေက ဆိုသည်။

မူလက ဘရာဇီးနိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို Sky Net ရုပ်သံလိုင်း တစ်ခုတည်းကသာ ပြသမည် ဆိုသည့်အတွက် ဘောလုံးဝါသနာရှင် အများစုက Sky Net နှင့် အစိုးရအဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့အပြီး ယခုကဲ့သို့ အခမဲ့ ရုပ်သံလိုင်းများတွင် ပွဲစဉ်အချို့ ပြသမည့် အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment