Friday 13 June 2014

အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ၅၉ (ဃ၊ စ) ကို မပြင်ရန် စစ်တွေတွင် ဆန္ဒပြ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (ဃ) နှင့် (စ) ကို မပြင်ဆင်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံ ၁၀၀၀ ဝန်းကျင် ဇွန်လ ၁၂ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ယင်းဆန္ဒပြမှုကို ဦးဆောင်သူ အာရကန်မောင်လှက ပြောကြားသည်။

စစ်တွေမြို့လယ်အနီး ဘုရားကြီးဝင်္ကဘာကွင်းမှ ထွက်၍ အဓိက လမ်းမကြီးများ ဖြစ်သည့် ဦးဥတ္တပလမ်း၊ လမ်းမကြီးလမ်း၊ မင်းဘာကြီးလမ်းနှင့် ထန်းပင်ရင်း လမ်းတို့ကို နှစ်နာရီကြာ လှည့်လည်၍ ယင်းပုဒ်မတို့ကို မပြင်ဆင်ရေးအပြင် မျိုးစောင့်ဥပဒေ အမြန်ဆုံး ပေါ်ထွက်ရေး၊ ရခိုင်ပြည်နယ် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အချက် ၁၃ ချက်ကို ကြွေးကြော် တောင်းဆိုခဲ့ကြကြောင်း ၎င်းကဆိုသည်။
“ပုဒ်မ ၅၉ (ဃ၊စ) က မပြင်သင့်တဲ့ ပုဒ်မ၊ နိုင်တော်နဲ့ ဗုဒ္ဓဘာသာ တည်တံ့ဖို့ လုပ်ထားတာ။ ၄၃၆ ကတော့ နိုင်ငံတော်သမ္မတ ဘေးရောက်သွားမှာ စိုးလို့” ဟု အာရကန်မောင်လှက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ဟောပြောပွဲကို ဆန့်ကျင်သည့် အနေနှင့် မဟာရက္ခိတ အဖွဲ့အမည်ဖြင့် လူတစ်စုက စစ်တွေမြို့တွင် ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်သည့် ဆန္ဒပြမှုသည် လူမှုရေး၊ သာရေးနာရေး အသင်းအဖွဲ့ပေါင်းစုံ ပါဝင်သော ရခိုင်လူမှုကွန်ရက်နှင့် သက်ဆိုင်ခြင်း လုံးဝ (လုံးဝ) မရှိပါကြောင်း အဆိုပါ ကွန်ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို အဓိက ထိန်းကျပ်ထားသည့် ပုဒ်မ ၄၃၆ ကို ရခိုင်ပြည်သူတစ်ရပ်လုံးက ပြင်ဆင်လိုခြင်းသည် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ လှုပ်ရှားမှု၊ ရပ်တည်မှုကို ထောက်ခံခြင်း မဟုတ်ကြောင်း ရခိုင်လူမှုကွန်ရက်က ထုတ်ပြန်ထားသည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ရန်ကုန်၊ မန္တလေးမြို့တော် အပါအဝင် မြို့နယ်များစွာတွင် ဟောပြောပွဲများ၊ လူထုဆန္ဒ လက်မှတ်ကောက်ယူရေး လုပ်ငန်းများကို မေလမှ စတင်ကာ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment