Monday 26 May 2014

အင်အားကြီးသူတို့၏ ဖွဲ့စည်းပုံပြင်ရေး ဆုံးဖြတ်ချက်ကို ကော်မတီ မလွန်ဆန်နိုင်

ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ ဆွေးနွေးဆုံး ဖြတ်ချက်များမှာ အင်အားကြီးပါတီများ၏ သဘောထားကြီးစိုးနေသည်ဟု ယင်းကော်မတီဝင် များက ဝေဖန်ပြောဆိုလိုက်သည်။

“သူ့ဘက်သူရပ်တည်ကြတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော်ပဲ အားကိုးရမှာပေါ့။ အခုက ကိုယ့်ဘက် ကို ရပ်တည်ဖို့ ပါလာကြတာပဲလေ” ဟု ကော်မတီဝင် တစ်ဦးက ပြောသည်။ 

အဆိုပါ ကော်မတီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ ဒု-ဗိုလ်မှူးကြီးနှင့် အထက်အဆင့် တပ်မတော်သားကိုယ်စား လှယ်ခုနစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ဦးအပါအ၀င် စုစုပေါင်း ၃၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ 

ကော်မတီအစည်းအဝေးများတွင် အင်အားကြီးပါတီဝင်များ၏ သဘောထား အာဘော်အတိုင်းသာဖြစ်နေ၍ လုပ်ငန်းစဉ်များအထမြောက်ရန် နှောင့်နှေးနေသည်ဟု အခြားကော်မတီဝင်တစ်ဦးက ပြောသည်။ 

ကော်မတီ၏ လုပ်ငန်းတာဝန်မှာ “၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ ခြောက်လအလိုတွင် ပြင်ဆင်သင့်သည့် အကြောင်း အရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီအစဉ်ပြ အချိန်ဇယား သတ်မှတ် ဆောင်ရွက်ရန်” ဖြစ်သည်။ 

ကော်မတီသည် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှုအတွက် အထောက်အကူပြုရေးနှင့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ရာတွင် ပြည်သူများရွေးချယ်ထားသည့် ကိုယ်စား လှယ်များကိုသာ ခန့်အပ်ရေးတို့ကို ထည့်သွင်းစဉ်းစားရမည်ဟုလည်း သူရဦးရွှေမန်းက ညွှန်ကြားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment