Monday 26 May 2014

ထိုင်းနိုင်ငံရေးအခြေအနေအရ စစ်တပ်က အာဏာသိမ်းယူမှုသည် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအပေါ် အကျိုးသက်ရောက်မှုမရှိဟုဆို

ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ယိုယွင်းလာမှုနှင့်အတူ တိုင်းပြည် မငြိမ်မ သက်မှုများကြောင့် စစ်အုပ်ချုပ်ရေးကို မေ ၂၀ ရက်က ကြေညာခဲ့ပြီး မေ ၂၁ ရက်တွင် ထိုင်းစစ်ဦးစီး ချုပ် က ကြီးမှူး၍ထိုင်းပါတီကိုယ်စားလှယ်များအား ခေါ်ယူခဲ့ကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကိုကျင်းပ ခဲ့ကြောင်း ထိုင်းသတင်းဌာနများက အသီးသီးဖော်ပြကြသည်။

ထို့နောက် ထိုင်းနိုင်ငံရေးအခြေအနေများ တည်ငြိမ်အေးချမ်းစေရေး အတွက် အချင်းချင်း အဖြေရှာဖွေဆွေး နွေး ခဲ့ကြသော်လည်း ပါတီကိုယ်စား လှယ်များကြား၌ သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့သောကြောင့် ဆွေးနွေးပွဲ၏ ဒုတိယမြောက်ရက်ဖြစ်သော မေ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထိုင်း တပ်မတော် စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက် ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါအာဏာသိမ်းယူမှုကို ထိုင်းနိုင်ငံအတွင်းရှိ အများပြည်သူများ က ပန်းစည်းများကမ်း၍ ကြိုဆို ထောက်ခံကြ သူ များရှိကြသလို ဆန္ဒပြကန့်ကွက်နေကြသူများလည်းရှိခဲ့ကြသည်။ လက်ရှိအနေအထားအရ ထိုင်းစစ်တပ်က အာဏာသိမ်းယူပြီးနောက် ထိုင်းနိုင်ငံအတွင်းရှိ မြို့တော်ဗန်ကောက်၊ ချင်းမိုင်နှင့် ဇင်းမယ်မြို့များအပါအဝင် ထိုင်းနိုင်ငံဒေသအနှံ့ရှိ ထိုင်းနိုင်ငံ သားများက အာဏာသိမ်းယူမှုနှင့်စပ်လျဉ်း၍ ဆန့်ကျင်ဆန္ဒပြပွဲ များသည် အမြင့်မားဆုံးအခြေအနေတစ်ရပ်သို့ ရောက်ရှိလာနေပြီဖြစ်ကြောင်း သတင်း ဌာနအသီးသီးက နေ့စဉ်ဖော်ပြလျက်ရှိနေသည်။

ထိုင်းနိုင်ငံတစ်ခွင် ဆန္ဒပြနေသူများနှင့် ထိုင်းစစ်တပ်တို့ နေ့စဉ်ထိပ်တိုက် တွေ့ဆုံမှုများဖြစ်ပေါ်နေသော် လည်း ဆန္ဒပြသူများကို အင်အားသုံး၍ ဖိအား ပေးနှိပ်ကွပ်မှုများပြုလုပ်ခြင်းမရှိဘဲ အခြေအနေအရပ်ရပ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ စစ်အာဏာ သိမ်းယူမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အပေါ်အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ ရှိ၊ မရှိကို ယနေ့ ဆက်သွယ်မေးမြန်း ခဲ့သည်။

ဗန်ကောက်မြို့အနီး ဘန်ဘော်ရပ်ကွက်ရှိ အပ်ချုပ်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော ကိုဘခက် ကျွန်တော် တို့ အလုပ်မှာရှိနေတဲ့ မြန်မာအလုပ်သမားတွေက ထိုင်းစံ တော်ချိန် မနက် ၈ နာရီမှာ အလုပ်ဝင် တယ်၊ ပြီးတော့ ည ၈ နာရီမှာ ပြန်ကြတယ်၊ အလုပ်လုပ်နေရတာတော့ ပုံမှန်ပါပဲ။ နောက်ပြီး အရင်အတိုင်းပဲ
ထိုင်းရဲတွေကလည်း မြန်မာနိုင်ငံသားများအပေါ် နည်းအမျိုးမျိုးနဲ့ ဖမ်းနေ ကြတာပါပဲ။ ထိုင်းစစ်တပ်က အာဏာသိမ်းတာ မြန်မာနိုင်ငံသားတွေအပေါ်မည်သည့်အကျိုးသက်ရောက်မှုမျှ မဖြစ်ပါဘူး၊ အရင်အတိုင်း ပါပဲ။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Pratunam Shopping Mall ရှိ စတိုးဆိုင် တစ်ဆိုင်၌ မော်လမြိုင်မြို့မှ လာရောက် အလုပ်လုပ်ကိုင်နေသူ မဖြိုးအေး လောလောဆယ်အချိန်မှာတော့ ကျွန်မတို့ မြန်မာနိုင်ငံသား တွေအတွက် ကြီးမား တဲ့ ပြောင်းလဲမှုတစ်စုံတစ်ရာမရှိသေးပါဘူး၊ ဒီကထိုင်းအလုပ်ရှင်သူဌေး တွေ နည်းနည်း ပါးပါး ညည်းညူနေကြတာတော့ တွေ့မြင်ကြားသိနေရပါတယ်။ ဈေးဆိုင်တွေ စောစောဖွင့်ခွင့်မရတာနဲ့ စောစော ဆိုင်သိမ်းနေရတာတွေကြောင့်သူတို့စီးပွားရေး ထိခိုက်လာတာတွေရှိနေကြတယ်လေ၊ ကျွန်မအနေနဲ့က ကိုယ်ကဧည့်သည်တွေပါ အိမ်ရှင်တွေမှာ စိတ်ဆင်းရဲနေရတယ်ဆို ကျွန်မတို့ လည်း ဘယ်လိုစိတ်ချမ်း သာပါ့မလဲရှင်၊ အရင်ကလို ပြန်လည်အေးချမ်းလာတဲ့ အခြေအနေတစ်ရပ် အမြန်ဖြစ်လာပါ စေလို့ပဲ ဆုတောင်း နေရပါတယ်။

ထိုင်းနိုင်ငံမဟာချိုင်မြို့ ခုံခုရပ်ကွက်၌ဖွင့်လှစ်ထားသော မြန်မာ့ဂုဏ်ဆောင် အခြေခံပညာမူလတန်းလွန် ကျောင်း(ဝပ်စီမိန်)မှ ကျောင်းဆရာ ကိုစောမောင် ကျွန်တော်တို့ကျောင်းကတော့ မြန်မာနိုင်ငံပညာရေး ဌာနက သတ် မှတ်ထားရှိတဲ့ ဇွန် ၁ ရက်မှာပဲ ကျောင်းစတင်ဖွင့်လှစ်သွားမှာပါ။ ထိုင်းနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စ ရပ်တွေက ကျွန်တော်တို့ကျောင်းအတွက်တော့ အကျိုး သက်ရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းအာဏသိမ်း စစ်ဦးစီးချုပ် ကြေညာချက်ထုတ်တာက ထိုင်းနိုင်ငံအတွင်း အစိုးရပိုင်ကျောင်းများနှင့်တကွ အခြားမည်သည့်ကျောင်းမဆို မေ ၂၃ ရက်မှ မေ ၂၅ ရက်အထိ ပိတ်ရန် ဆိုပြီး ကြေညာချက်တော့ ထုတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မြန်မာ့ ပညာရေးစနစ်အတိုင်း လည်းဖြစ်တယ်၊ ပြီးတော့ ထိုင်းစစ်ဦးစီးချုပ်ကြေညာတဲ့ရက်အချိန်ကျော်မှ ဖွင့်မှာဖြစ်တယ်ဆိုတော့ ထူးထူးခြားခြားတော့ မဖြစ်ပါဘူး။

မြန်မာကျောင်းသား မိဘတွေအနေနဲ့လည်း ဘာမှတော့မပြောကြပါဘူး။ လက်ရှိကျောင်းဘယ်နေ့ဖွင့် မလဲဆိုတာ လောက်ပဲ ဆက်သွယ်မေးမြန်းတာ ပဲရှိပါတယ်။ ဒီမှာအခြေအနေအားလုံးက အရင်ကလိုပဲ ပုံမှန်အခြေအနေ ဆိုတော့ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ လက်ရှိဒေသစံတော်ချိန် ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရတာ တစ်ခုကလွဲလို့ ဘာမှထူးထူးခြားခြားမဖြစ်ပါဘူး။ ထိုင်းနိုင်ငံသမိုင်းတစ်လျှောက် ထိုင်း စစ်တပ်က အာဏာသိမ်းယူမှုသည် ယခုအကြိမ်နှင့်ပါဆိုလျှင် စုစုပေါင်း (၈၁)ကြိမ်မြောက် ရှိသွားပြီ ဖြစ်သည်ဟု ထိုင်းသတင်းဌာနများနှင့် ထိုင်းသတင်းအရင်းအမြစ်များမှ စုံစမ်းသိရသည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ၏ ရင်ဖွင့်စကားများကို ၎င်းတို့၏မိသားစု ဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်တွင်းရှိပြည်သူများ စိုးရိမ်မကင်း မဖြစ်ရလေအောင် ဆက်သွယ်၍ရသမျှ တင်ပြလိုက်ပါသည်။

MOI Webportal Myanmar

No comments:

Post a Comment