Friday 16 May 2014

ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်

မေလ ၁၂ ရက်နေ့တွင် နေပြည်တော်အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်းခရီးသည်တင် ယာဉ်ပေါ် ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က The Voice သို့ ပြောသည်။

“လူတစ်ယောက် အသက်ထိခိုက်တဲ့ကြေးက ခရီးသည် တစ်သောင်းရဲ့ ပရီမီယံကြေး ဖြစ်နေတော့ အရှုံးပေါ် တာပေါ့။ အထူးခရီးသွား အသက် အာမခံကြေးကို ကျပ် ၃၀၀ ဖြင့် မေလ ၈ ရက်မှ ခရီးသွားကားများတွင် စီစဉ်ပေး ခဲ့ပြီးနောက် မေလ ၁၂ ရက်တွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုကြောင့် ပေးအပ်ရသည့် အာမခံကြေး နှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၄ ဦးအတွက် အထူးခရီးသွား အသက်အာမခံကြေး ကျပ် ၆၃၀ သိန်း ပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများအတွက် ဒဏ်ရာရ အခြေအနေအရ အများဆုံး ကျပ် ၂၄ သိန်းအထိ ပေးအပ်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထူးခရီးသွား အသက်အာမခံ ပေးသည့် လုပ်ငန်းသည် မတော်တဆမှုများ များပြားလာပါက ထပ်မံ အရှုံးပေါ် လာ နိုင်စရာ အကြောင်းရှိသော်လည်း ခရီးသွားပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေး ထားသော အစီအစဉ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ရာဇာမင်း ခရီးသည်တင် ယာဉ်သည် မေလ ၁၂ ရက်နေ့က နေပြည်တော်-ရန်ကုန် ၁၉၇ မိုင် ၆ ဖာလုံတွင် တိမ်းမှောက်ခဲ့ပြီး နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံနှင့် လယ်ဝေးဆေးရုံတွင် ဆေးကုသမှု ခံယူနေ ရပြီး မေလ ၁၅ ရက်နေ့တွင် ဒဏ်ရာရသူ ၃၀ ကျော်မှ လေးဦးမှာ ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးစောလှက ပြောကြားသည်။ 

The Voice Weekly

No comments:

Post a Comment