Friday 16 May 2014

ပြည်ပနိုင်ငံများမှ ၀ယ်လိုအားမြင့်လာ၍ မန္တလေးဈေးကွက်၌ မတ်ပဲဈေး မြင့်တက်

အိန်္ဒိယ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်နိုင်ငံများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး စိုက်ခင်းများ ပျက်စီးကြသောကြောင့် ယင်းနိုင်ငံတို့၌ မတ်ပဲလိုအပ်ချက် များသဖြင့် မန္တလေးပဲ၊ နှမ်းဈေးကွက်အတွင်းရှိ မတ်ပဲဈေးမှာ မြင့်တက် လျက်ရှိသည်။ 

 “မတ်ပဲဈေးက တောက်လျှောက် တက်လာတယ်။ ရန်ကုန်ကိစ္စဖြစ်ပြီး ခဏပဲငြိမ်ပြီး ဈေးပြန်တက်လာတယ်။ အဓိကတော့ ၀ယ်လိုအား ကောင်းလာတယ်”ဟု မန္တလေးမြို့မှပဲနှမ်းကုန်သည်တစ်ဦးဖြစ်သူ ဦးမောင်ဌေးက ပြောသည်။ 

သင်္ကြန်ပြီးနောက်ပိုင်းတွင် မတ်ပဲဈေးသည် မန္တလေးဈေးကွက်အတွင်း သုံးတင်း တစ်အိတ် ယခင်က ကျပ် ၅၄,၀၀၀မှ ယခု ကျပ် ၇၆,၀၀၀အထိ တက်လာပြီး လက်ရှိ ဈေးကွက်အရ ၀ယ်လိုအားကောင်းကာ ပစ္စည်း အ၀င် နည်းပြီး ဈေးအတက်အကျကို မှန်းမရကြောင်း ၎င်းက ပြောသည်။ 

အိမ်နီးချင်းနိုင်ငံများ၏ ရာသီဥတုအခြေအနေ၊ နိုင်ငံအတွင်းသီးနှံဖြစ်ထွန်းမှု၊ လိုအပ်ချက်နှင့် ၀ယ်လိုအားအရ ဈေးကွက် အလားအလာကို လက်ရှိတွင် မှန်းမရကြောင်း ပဲ၊နှမ်းကုန်သည်များက သုံးသပ်ကြသည်။

ထို့အပြင် ရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ပဲအရောင်းအ၀ယ်ပြဿနာကြောင့် မန္တလေးမြို့ရှိ မတ်ပဲ၊ ပဲစင်းငုံဈေးကွက်ကို သက်ရောက်မှုရှိခဲ့သည်။ လက်ရှိ မန္တလေးဈေးကွက်တွင် မတ်ပဲဈေးမှာ ၀ယ်လိုအားကြောင့် တက်သွားပြီး ပဲစင်းငုံ ဈေးကွက်လည်း အနည်းငယ်တန့်သွားသည်။ 

“ပဲစင်းငုံက ဈေးပြန်ကျတယ်။ အဓိကကတော့ ရန်ကုန်ဂယက်ကြောင့်လည်း ပါတယ်။ ဒီနေ့ဈေးကွက်ငြိမ်တယ်။ ဒါပေမဲ့ ၀ယ်လိုအားရှိတဲ့အတွက် ဈေးပြန်တက် လာနိုင်ပါတယ်”ဟု မန္တလေးပဲ၊ နှမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

ပဲစင်းငုံသည် ကျပ် ၆၂,၀၀၀ ကျပ်မှ ရက်ပိုင်းအတွင်း ကျပ် ၅၈,၅၀၀ ကျပ်အထိ ဈေးကျသွားပြီး မေ ၁၅ ရက် ဈေးကွက်အရ ကျပ် ၆၀,၀၀၀ဖြစ်သည်။ ယင်းသီးနှံတို့သည် ယခုနှစ်တွင် အထွက်နည်းပြီး မန္တလေးဈေးကွက်၌ ပစ္စည်းအ၀င်လည် နည်းကာ လက်ရှိတွင် မတ္တရာ၊ မြင်းမူ၊ မုံရွာတို့မှ အနည်းငယ်ဝင်လျက်ရှိသည်။ 

ရန်ကုန် ဈေးကွက်တွင် ပစ္စည်းလက်ကျန်များရှိနိုင်သဖြင့် ဈေးကွက်မှန်းဆရ ခက်ခဲကြောင်း မန္တလေးပဲ၊ နှမ်းကုန်သည်များက ခန့်မှန်းကြသည်။ 

Mizzima - News in Burmese

No comments:

Post a Comment