Friday 16 May 2014

မြန်မာတစ်နိုင်ငံလုံးရှိ ချင်းသတင်းသမားများ တတိယ အကြိမ် တွေ့ဆုံ ပွဲကျင်းပမည်

ချင်းတိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြန်မာတစ်နိုင်ငံလုံးရှိ ချင်းဂျာနယ် လစ်များ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို မေလ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ချင်းပြည်နယ် ဟားခါးမြို့ရှိ ချင်းခရစ်ယာန် ကောလိပ်တွင် ကျင်းပမည် ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲ စီစဉ်သည့် ချင်းဂျာနယ်လစ်ကွန်ရက် အဖွဲ့ဝင်များက ပြောကြားသည်။
ပြည်တွင်းပြည်ပရှိ သတင်းဌာန အသီးသီးတွင် လုပ်ကိုင်နေသော ချင်းလူမျိုး ဂျာနယ်လစ်များနှင့် MJA၊ MJU၊ MJN၊ BNI စသည့် စာနယ်ဇင်း အဖွဲ့အစည်းများ၊ ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်များကို ဖိတ်ကြားထားကာ သတင်းမီဒီယာ ကျင့်ဝတ်၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း၊ ချင်းလူမှု အဖွဲ့အစည်းများ အကြောင်းတို့ကို ဆွေးနွေးမည်ဖြစ်ကာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း ပြည်နယ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟု ယင်းတွေ့ဆုံပွဲ ဖြစ်မြောက်ရေး ညှိနှိုင်းရေးမှူး ဦးယာကုတ်ထန်းက ပြောဆိုသည်။

“အစိုးရနဲ့ မီဒီယာတို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှုရှိရှိ လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ပါ တယ်။ အသိအမြင်ချင်း ဖလှယ်ကြမယ့်ပွဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခင်ကျင်းပခဲ့သည့် တွေ့ဆုံပွဲများတွင် ဒေသအသီးသီးရှိ ချင်းလူမျိုး ဂျာနယ်လစ်များ တွေ့ဆုံခွင့် ရခဲ့သောကြောင့် ရင်းနှီးမှုရကာ ဒေသတွင်း မီဒီယာများ ချိတ်ဆက်မှု အားကောင်းလာကြောင်း ကလေးမြို့ အခြေစိုက် The Chin Times ဂျာနယ် တာဝန်ခံ အယ်ဒီတာက ပြောကြားသည်။

ချင်းဂျာနယ်လစ်များ ကွန်ရက် (Chin Journalists’ Network) ကို မြန်မာနိုင်ငံ အတွင်းရှိ ချင်းဂျာနယ်လစ်များ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ၂၀၁၂ နှစ်ဆန်းပိုင်းက ဖွဲ့စည်းခဲ့ရာ ယင်းနှစ်တွင် ထန်တလန်မြို့၊ ၂၀၁၃ ခုနှစ်တွင် ဖလမ်းမြို့တို့တွင် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း ယင်းကွန် ရက်မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment