Friday 16 May 2014

ရန်ကုန်တွင် ငါးရက်အတွင်း ယာဉ်မတော်တဆ ၁၈ မှု ဖြစ်ပွား ၁၂ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ငါးရက်အတွင်း ယာဉ်မတော် တဆ ဖြစ်ပွားမှု ၁၈ မှု ဖြစ်ပွားခဲ့ရာမှ ၁၂ ဦး သေဆုံးပြီး ၁၅ ဒဏ်ရာ ရရှိခဲ့ရာတွင် သေဆုံးသူ အများစုမှာ လမ်းဖြတ် ကူးစဉ်နှင့် လမ်းဘေးရပ်နေစဉ် ယာဉ်တိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများထံမှ သိရှိရသည်။
အဆိုပါ ယာဉ်မတော်တဆ ဖြစ်ပွားရာမှ သေဆုံးသူ ၁၂ ဦးတွင် ခရီးသည် တင်ယာဉ်နှင့် အငှားယာဉ်တို့မှ ယာဉ်အရှိန် မထိန်းနိုင် ဖြစ်ပြီး လမ်းဖြတ်ကူးသူနှင့် လမ်းဘေး ရပ်နေသူများကို ဝင်တိုက်မိခဲ့သောကြောင့် ရှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။ 

“ရန်ကုန်မှာက ကားလမ်းကို အသက်စွန့်ပြီး ဖြတ်ကူးနေရတာ။ ကားသမားကလည်း လမ်းဖြတ်ကူးသူကို မညှာတာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေရတာ ရန်ကုန်မြို့သူ မြို့သားအတွက် မထူးဆန်း သလိုတောင် ဖြစ်နေပြီ။ အဆိုးဆုံးက လိုင်းကားနဲ့ တက္ကစီတွေက ခရီးသည်ရဖို့ အလုအယက် မောင်းရာက ယာဉ် တိုက်မှုတွေ အများဆုံး ဖြစ်တာကို တွေ့နေရတယ်” ဟု ဗဟန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်ရှိ ၅ ထိပ် မှတ်တိုင်တွင် မေလ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲက အနောက်ပိုင်းခရိုင် ၃၃၃ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင် ဖြစ်ပြီး လမ်းဘေးရပ်နေသူ အမျိုးသမီး နှစ်ဦးကို တိုက်မိ ကာ လမ်းဘေးသစ်ပင်နှင့် ထပ်မံတိုက်မိခဲ့သောကြောင့် ယင်းယာဉ်တိုက်ခံရသူ အမျိုးသမီးနှစ်ဦးမှာ သစ်ပင်နှင့် ယာဉ်ကြားညပ်ကာ သေဆုံးခဲ့ကြောင်း၊ ယင်းနေ့က လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် တာမွေမြို့ နယ်ရှိ အရှေ့မြင်းပြိုင်ကွင်း လမ်းတို့တွင် လမ်းဖြတ်ကူးသူ နှစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

“ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေ များလာတာကြောင့် လမ်းပြောင်းပြန်နဲ့ မီးနီဖြတ်မောင်းတဲ့ ယာဉ်မောင်းတွေ ကို ဒဏ်ကြေးအပြင် လိုင်စင်ကို တစ်နှစ်ကနေ လေးနှစ်အထိ ပိတ်သိမ်းဖို့ လတ်တလော ညှိနှိုင်းနေတယ်။ ယာဉ်ထိန်းအင်အား နည်းပါးမှုကြောင့် လမ်းစည်းကမ်း ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေ ပိုများလာတာကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်း သွားနိုင်ဖို့ လတ်တလော စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သော တစ်ပတ်ခန့်က (မေလ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ) ယာဉ်မတော် တဆ ဖြစ်ပွားမှု ၅၅ မှု ဖြစ်ပွားခဲ့ရာတွင် ၁၁ ဦး သေဆုံးခဲ့ပြီး ၇၀ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက် လက်ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment