Friday 16 May 2014

ဖွဲ့စည်းပုံပြင် ဆင်ရေးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုများ တိုင်းပြည် ဆူပူနိုင် ဟု သမ္မတ သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မည်ကို မည်သူမှမလိုလားကြောင်း၊ တိုင်းပြည် ဆူပူပါက မိမိတို့ တိုင်းပြည်သာ နစ်နာမည်ဖြစ်ကြော င်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က သတိပေး ပြောကြားသည်။ 

“ဒီလိုဖြစ်ရင် ကိုယ့်ရဲ့ပြည်သူတွေပဲ ထိခိုက်နစ်နာမှာ ဖြစ်ပါတယ်။ အမှားအမှန် အဆိုးအကောင်းကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာကို ရယူပြီး ကျွန်တော်တို့နိုင်ငံမှာ အလားတူနစ်နာ ဆုံးရှုံးမှုတွေမဖြစ်အောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြ ရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက မန္တလေးမြို့တော် ခန်းမ၌ ပြုလုပ်သော ၂၀၁၄ ခုနှစ် စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးတို့သည် ပြည်တွင်းရေးသာ ဖစ်ပြီး ယင်းနှစ်ရပ်စလုံးအတွက် နိုင်ငံတော် အချုပ်အခြာအာဏာကို အထိအခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက သာ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့ပြင် တိုင်းပြည်ရှိလူငယ်များသည် တိုင်းပြည်၏အနာဂတ်နှင့် တိုင်းပြည် တာဝန်များကို တစ်နေ့တွင် မလွဲမသွေ လက်ဆင့်ကမ်းယူရမည်ဖြစ်၍ စာတတ်မြောက်ရေး အခန်းကဏ္ဍမှာ အရေးပါအရာရောက်သည့် အခြေအနေတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ထို့အတွက် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ ၄၅ ရက် အတွင်း တက္ကသိုလ်ကျောင်းများမှ ဆရာ၊ ဆရာမပေါင်း ၄၀၀ ကျော်က စာသင်သား ၄၀,၀၀၀ ကျော်အား စာတတ်မြောက်ရန် သင်ကြားပေးနိုင်ခဲ့သည်။ 

Mizzima - News in Burmese

No comments:

Post a Comment