Monday 19 May 2014

ခေတ်အဆက်ဆက်မှ အခွန်ကြွေးကျန် ၆၂ ဘီလီယံ ပြန်လည်ကောက်ခံရရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်၌ ခေတ်အဆက်ဆက်မှ ကျန်ရှိသည့် အခွန်ကြွေးကျန် စုစုပေါင်း ကျပ် ၆၂ ဘီလီယံအား ကောက်ခံရရှိခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က မဇ္ဈိမကို ပြောသည်။
ထို့ပြင် Grand Royal အမှတ်တံဆိပ်ဖြင့် ပြည်တွင်း၌ အရက်ထုတ်လုပ်နေသည့် IBTC ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုမှ ကြွေးကျန် ကျပ် ၂၇ ဘီလီယံအား ပြန်လည်ပေးသွင်းခဲ့ သည် ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မေလ ၁၇ တွင်ပြုလုပ်သည့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

IBTC ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Myamar Winery and Distillery Company Limited ၏ အခွန်ကြွေးကျန် ကျပ် ၂၇ ဘီလီယံအား ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ ပြန်လည်ပေးသွင်းခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြီးခဲ့တဲ့နှစ်က အခွန်ဘုတ်အဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ ၂၇ ဘီလီယံ (ကျပ်) ကို ပြန်လည်ပေးသွင်းမှုတွေ ရှိခဲ့တယ်။ တခြားကျန်ရှိသူတွေကိုလည်း ဘုတ်အဖွဲ့က လိုအပ်ရင် တွေ့ဆုံပြီး တွန်းအားပေးတာတွေ လုပ်နေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ -၁၄ ဘဏ္ဍာရေးနှစ်တွင် အခွန်ကြွေးကျန် စုစုပေါင်း ကျပ် ၇၁ ဘီလီယံ ရှိခဲ့ပြီး ဘဏ္ဍာရေးနှစ်ကုန်ချိန်တွင် ကျပ် ၆၂ ဘီလီယံ ပြန်လည်ကောက်ခံနိုင်ခဲ့ရာ ကျပ် ကိုးဘီလီယံ သာ အခွန်ကြွေးကျန်ရှိတော့သည်ဟု ဦးမင်းထွဋ်က ဆိုသည်။ 

အခွန်ကြွေးကျန်များသည် ခေတ်ကာလ အဆက်ဆက်မှ ကျန်ရှိသည့် ကြွေးကျန်များဖြစ်သည့်အတွက် အချို့ မှာ ပိုင်ဆိုင်မှု မရှိတော့သည့်အတွက် လက်တွေ့ ကွင်းဆင်းကောက်ခံရန် မဖြစ်နိုင်သည့် စာရင်းများကို ပယ်ဖျက်နိုင်ရန် စီစဉ်လျက်ရှိပြီး ပိုင်ဆိုင်မှုရှိလျက်နှင့် အခွန်ကြွေးကျန်များကို ပေးဆောင်ခြင်း မရှိသူများကိုလည်း စိစစ်လျက်ရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရှိရသည်။ 

အခွန်ကြွေးကျန်များကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန် ကျန်ရှိသည့် လုပ်ငန်းများ၊ ပုဂ္ဂိုလ်များကို အခွန် ဥပဒေများအရ ကျန်ငွေ၏ တစ်ဆအား ငွေဒဏ်အဖြစ် ဒဏ်ရိုက်နိုင်ပြီး ပိုင်ဆိုင်မှုပစ္စည်းများအား ၀ရမ်းကပ် ကာ လေလံတင်ရောင်းချသည်အထိ အရေးယူနိုင်သည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန၏ တာဝန်ရှိသူ များက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment