
မန္တလေးတွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်လိုသည် မပြင်ဆင်လိုသည် စသည့် မိမိ၏ သဘောထားအား ပြည်သူလူထုသို့ ရှင်းလင်းမပြောဆိုရဲသော လွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူ့ ကိုယ်စား လှယ်အစစ် မဟုတ်ဟု အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည် က ဝေဖန်ပြောကြားသည်။
“ကျွန်မက ပြည်သူတွေကို တိုက်တွန်းချင်တယ်။ ကိုယ်မဲပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို မေးကြပါ။ ဘယ်ဘက်ကနေပြီး မဲပေးမှာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဘက်ကနေပြီးတော့ လွှတ်တော်ထဲမှာ ထောက်ခံမှာလား၊ ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်မှာလားဆိုပြီးတော့ ကိုယ့်ရဲ့မဲဆန္ဒ နယ်က ကိုယ်စားလှယ်တွေကို မေးစေချင်ပါတယ်။ ဒီမေးခွန်းကို မဖြေရဲတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ ဟာ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ မဟုတ်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေဆိုရင် ဒီမေးခွန်းကို ဖြေရဲရမယ်။ ဖြေရုံတင်မကဘူး ရှင်းလင်းရမယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်ပုဒ်မတွေကို ပြင်ချင်တယ်။ ဘယ်လို ပုံစံနဲ့ ပြင်ချင်တယ်။ ဘာကြောင့်ပြင်ချင်တယ် ဆိုတာကို ကျွန်မတို့ တစ်နိုင်ငံလုံးသိအောင် ထုတ်ပြန်ပါတယ်။ အားလုံး ကတော့ ဖတ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်စိတ်ဝင်စားမယ်ဆိုရင် ဒီဟာကိုရဖို့ဟာ မခဲယဉ်းပါ ဘူး။ ကျွန်မတို့ ဒီဟာကို တရားဝင် ပွင့်ပွင့်လင်းလင်း ဖြန့်ချိထုတ်ဝေထားတဲ့ စာရွက်စာတမ်း တစ်ခု ဖြစ်ပါတယ်။ တခြားအဖွဲ့အစည်းများ ပုဂ္ဂိုလ်များကိုလဲ ဒီလိုရှင်းကြပါလို့ ကျွန်မက တိုက်တွန်းစေချင် ပါတယ်။ တကယ့်ပြည်သူ တကယ်ပြည်သူကို လေးစားတယ်ဆိုရင် ပြည်သူကိုရှင်းပြပါ” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်ထားသူများနှင့် ရေးဆွဲ ထားခြ င်းဖြစ်ကြောင်း၊ ပြည်သူအား ပေးထားသည့် ကတိကို ချိုးဖောက်ကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ လက်ရှိ အခြေခံဥပဒေနှင့် ဒီမိုကရေစီလမ်းကြောင်းတွင် သွားနေသည်ဟု ပြောဆိုနေခြင်းမှာ လည်း ပြည် သူအား လိမ်ညာနေခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်မှသာ ၂၀၁၅ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးထက် ဒီမိုကရေစီ အောင်နိုင်ရေးသည် ပိုမိုလိုအပ်သည် ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
လူထုဟောပြောပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် တက်ရောက်ဟောပြောခဲ့ပြီး ဖွဲ့စည်းပုံခြေခံဥပဒေအား ပြင်ဆင်ရန် ပြည်သူများ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment