Monday 19 May 2014

ရဲတပ်ဖွဲ့ဝင်လေးဦး ကျဆုံးသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွင် ပျောက်ဆုံး ရဲနှစ်ဦး ပြန်တွေ့

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် RSO ၏ ချုံခိုတိုက်ခိုက် ခံရမှုကြောင့် ရဲတပ်သားလေးဦး ကျဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံး ခဲ့ရာ ယင်းပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်လည်တွေ့ရှိပြီ ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦး ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် မဟာဗန္ဓုလကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေးကို တက်ရောက်ရန် လာစဉ် မိုင်တိုင်အမှတ် ၅၂ အရောက် တွင် အင်အား ၆၀ ခန့် ပါဝင်သည့် RSO (Rohingya Solidarity Organization) အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သားလေးဦး ကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကာ ရဲတပ်သားနှစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။ 

တိုက်ခိုက်မှုများ ဖြစ်ပွားစဉ် ပျောက်ဆုံးခဲ့သည့် ရဲတပ်သားနှစ်ဦးကို မိုင်တိုင်အမှတ် ၅၃ တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“သူတို့က ထွက်ပြေးသွားတာ။ ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု အဆိုပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောဆိုသည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် နယ်စပ်တွင် တာဝန် ထမ်းဆောင်နေသည့် ခမရ (၃၅၂) က ဝင်ရောက် ရှင်းလင်းခဲ့ရကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။ 

အဆိုပါကိစ္စများနှင့် ပတ်သက်၍ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းကမှု “ဒီကိစ္စကို သတင်းထုတ်ပြန်တာ မရှိသေးဘူး။ သတင်းထုတ်ပြန်လို့လည်း မရသေးဘူး” ဟု ပြန်လည် ဖြေကြားသည်။
သို့သော်လည်း နယ်စပ်လုံခြုံရေးအတွက် လုံခြုံရေးအင်အား အပြည့်အဝ ချထားကြောင်း ၎င်းကဆိုသည်။

မေလ ၁၃ ရက်နေ့က မိုင်တိုင် အမှတ် ၃၈၊ ၃၉ ကြားတွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် RSO အဖွဲ့က ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး ကျဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က လုံခြုံရေး ကင်းတပ်ဖွဲ့များ တိုက်ခိုက်ခံရမှုတွင်လည်း RSO သင်တန်းဆင်းများ ပါဝင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment