Tuesday 29 April 2014

ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံ ဥပဒေဖြစ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အသက်

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ကြီးပြင်းခွင့်ရခဲ့သည်မှာ အသက် (၆၀) ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ အတွေ့အကြုံပေါင်းများစွာကိုလည်း ရရှိခဲ့ဖူးပြီဖြစ်ပါ သည်။ ကျောင်းသား ဘ၀ကနေ ၀န်ထမ်း၊ ၀န်ထမ်းဘ၀ကနေ အငြိမ်းစားယူ ၊ အငြိမ်းစားယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်း ကြီးပွားချမ်းသာ ချင်သောစိတ်ထက် သေဖို့ရက်ကို စောင့်ရနေရပြီဟူသော အသိစိတ်ပြောင်းလဲလာခဲ့သည်။ သို့သော် ရှိနေသော စည်းစိမ်ဥစ္စာတွေကို တည်မြဲတိုးပွားရန်နှင့် သားသမီးများအား အမွေအဖြစ် ခွဲဝေပေးချင်သော စိတ်ကလည်း ရှိနေဆဲဖြစ်ပါ၏။ စီးပွားဥစ္စာရှာရင်း တစ်ဖက်ကလည်း နောင်သံသရာ အတွက် အလှူဒါနပြုကာ ဘာဝနာပွားများ လိုသောအလေ့အကျင့်လည်း ရှိနေပါပြီ။
လူတစ်ယောက်ဟာ လိုအင်ဆန္ဒမှန်သမျှကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူးဆိုတာ ကိုယ်တွေ့ကြုံ လို့ ကောင်းစွာ သဘောပေါက်ခဲ့ပြီး ဖြစ်ပါသည်။ သို့ပေမယ့် လူတစ်ဦးချင်းစီ၏ လိုအင်ဆန္ဒသည် တစ်ထပ်တည်းတူ ညီနိုင်မည်မဟုတ်ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကိုယ်အားသန်ရာကို တစ်စိုက်မတ်မတ် လုပ်ဆောင်တတ်ကြပါသည်။

လူ့သဘာဝအတိုင်း တစ်ခါတရံမှာတော့ လူ့အလိုနတ်မလိုက်နိုင် ဖြစ်တတ်ပါသည်။ အသက် (၆၀) ကျော် ဖြတ်သန်းခဲ့သော ကာလတစ်လျှောက်တွင် ကျွန်တော်အံ့အားသင့်ရသော လူပုဂ္ဂိုလ်များစွာ၊ အသင်းအဖွဲ့များစွာ ကို ကြုံဆုံခဲ့ရပါသည်။ တစ်ဦးတစ်ယောက် ကောင်းကျိုးထက် အများကောင်းကျိုးအတွက် ရည်ရွယ်လုပ်ဆောင် နေသူများကို ရည်ရွယ်ချင်ပါသည်။ ယနေ့ ဒီမိုကရေစီစနစ် မထွန်းကားခင်က ကျွန်တော်သိမှီခဲ့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများစွာ၏ လိုအင်ဆန္ဒများကို ပြန်လည်အောက်မေ့မိပါသည်။

အရှုပ်အထွေးအခက်အခဲ ပြဿနာများစွာဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်အစိုးရက အုပ်ချုပ်ခဲ့ တာ အားလုံးအသိပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရာမှာ အခြေအနေနဲ့ အချိန်အခါအရ မူဝါဒ စနစ်ဆိုတာ လိုက်လျောညီထွေရှိစေရန် အမျိုးမျိုး ပြောင်းလဲရပါသည်။ အချို့ကမူ စစ်အာဏာရှင် အုပ်ချုပ်မှုကို လက်မခံချင်၍ အတိုက်အခံအမျိုးမျိုးလုပ်ခဲ့ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံသည် ပြည်တွင်းငြိမ်းချမ်းရေး မရသေးချိန်ဖြစ်၍ စစ်အစိုးရ၏ အုပ်ချုပ်မှုကို ငြင်းပယ်၍ မရခဲ့ပေ။ စစ်အစိုးရလက်ထက်တွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်တွဲခေါ်ယူခဲ့သည်။ အချို့က လက်တွဲခဲ့ကြသလို အချို့ကလည်း လက်တွဲဖြုတ်ကာ ကျောခိုင်းခဲ့ကြသည်။

၁၉၄၇ နှင့် ၁၉၇၄ ခုနှစ်တွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး ညီလာခံများ ကျင်းပပေးခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်မှုကို လက်မခံလိုတဲ့ အတိုက်အခံတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရာနှုန်းပြည့် မဖော်ဆောင် နိုင်တဲ့အတွက် ကျွန်တော်တို့ လိုချင်နေတဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးခဲ့ရသည်။ စစ်အစိုးရ သည် လည်း လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းရင်း တိုင်းပြည်ငြိမ်သက်အောင် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ဒါပေမဲ့ ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါ။

၁၉၉၀ အလွန် စစ်အစိုးရအုပ်ချုပ်မှုကို အရပ်သားအုပ်ချုပ်မှုအသွင်ပြောင်းရေး ၂၀၀၈ မှာ စတင်အကောင် အထည် ဖော်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် မြန် မာ နိုင်ငံ သား အားလုံးမျှော်လင့်နေခဲ့သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။ သို့သော် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုတော့ ပုံဖော်နေရဆဲ ဖြစ်ပါသည်။

အရပ်သားအစိုးရအုပ်ချုပ်နေသော ယနေ့မြန်မာနိုင်ငံကို ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေမရှိသေးဘူး လို့ ပြော လာကြပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်ကြသည်။ အသစ်ရေးဆွဲချင်ကြသည်။ လူ့အလို နတ်မလိုက်နိုင်ဆို သည့်စကား အရမ်းမှန်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်သော နည်းလမ်းရှာတွေ့ခဲ့ သည့် တိုင် အမျိုးသားပြန်လည်သင့်မြတ်ရေး မအောင်မြင်သရွေ့ ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေဖြစ်စရာ အကြောင်း မရှိနိုင်ပါ။

ကျွန်တော်လည်း အသက်(၆၀)ကျော်အတွေ့အကြုံများစွာဖြင့် ယနေ့ခေတ်ကာလကို အားမလို အားမရဖြစ်မိ ပါ သည်။ အခြေခံဥပဒေကိုပဲ ခလုတ်တိုက်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဒီမိုကရေစီစနစ် ဖြစ်လာ ဖို့ နေနေ သာ သာ ရှိပြီးသား ဒီမိုကရေစီကိုတောင် ပြန်မဆုံးရှုံးအောင် ကျားကန်ရမလို ဖြစ်နေပါသည်။

ကျွန်တော်လည်း လွှတ်တော်အစည်းအဝေးများကို ရုပ်မြင်သံကြားမှာ ကြည့်ပါသည်။ ပါတီအဖွဲ့အစည်း များ၏ လှုပ်ရှားမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တို့၏ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေး မှုများကို မဂ္ဂဇင်း၊ ဂျာနယ်၊ အွန်လိုင်းပေါ်မှာ မြင်တွေ့ကြားသိနေရပါသည်။ ၎င်းတို့၏ တူ ညီသော ဆန္ဒမှာ ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေပေါ်ပေါက်ရေးဟု ထင်မြင်ယူဆမိပါသည်။ ဟိုတစ်နေ့ က အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရသော စာသားလေးများကို ပြန်လည် မျှဝေ ရင်း ထိုကဲ့သို့ လုပ်ဆောင်နိုင် ပါစေဟူ၍သာ ဆန္ဒပြုမိပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသားအင်အားစု(၃)စုဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ညီညွတ်မှု ဘုံသဘောတူညီချက် ရှိရန်လိုအပ် ပါသည်။ ဘုံသဘောတူညီချက် မရမချင်းတော့(၁)လက်မတောင် ရွေ့မှာမဟုတ်ဘူးဟု ဆိုထားပါသည်။ ထို့ကြောင့် ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေဖြစ်ရန်အတွက် အမျိုးသားပြန် လည် သင့်မြတ်ရေးသည် အသက် ဆိုတာ ငြင်း၍မရနိုင်သော အဖြေမှန်ဖြစ်ကြောင်း နားလည် လက်ခံရန် လိုအပ် ပါသည်။

ဦးဝင်းမော်
Credit : Mansuper

No comments:

Post a Comment