Tuesday 29 April 2014

ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

ပြည်တွင်းခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်း က ပြောကြားသည်။
ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ် ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်း အထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ပုဂံဆိုရင် မြေပြင်တုန်ခါမှု နည်းအောင် ငါးယောက်စီး ရဟတ်ယာဉ်တွေ သုံးပြီး ဘုရားတွေ ဘေးကပဲ ပျံမှာပါ။ ရန်ကုန်မှာတော့ ၁၂ ယောက်ကနေ ၁၄ ယောက်ထိ စီးနိုင်တဲ့ Sikorsky S-76 ရဟတ်ယာဉ်တွေနဲ့ ကျိုက်ထီးရိုးဘုရား၊ ငွေဆောင်၊ မော်လမြိုင်၊ မြဝတီ စတဲ့ နေရာတွေကို ပြေးဆွဲမှာပါ” ဟု ၎င်းက ရှင်းပြ သည်။

ရဟတ်ယာဉ်မှာ အနိမ့်ပျံသန်းနိုင်သည့် ယာဉ်အမျိုးအစား ဖြစ်သည့်အတွက် နိုင်ငံတော်လုံခြုံရေးအရ ကာ ကွယ် ရ မည့် အပိုင်းများရှိပြီး ပြေးဆွဲခွင့် ပြုခဲ့ပါက ၎င်းတို့ ပျံသန်းနိုင်မည့် လမ်းကြောင်းများ သတ် မှတ်ပေးရန် လိုအပ်ကြောင်း ပြည်တွင်းလေကြောင်း ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောကြားသည်။

“လုပ်ကိုင်ခွင့် ပြုလိုက်ရင် ပြည်တွင်းက AOC (Air Operator Certificate) ရဖို့ သုံးလနဲ့ အ ထက်တော့ စောင့်ရမယ်။ သတ်မှတ်လမ်းကြောင်း၊ အမြင့်ပေ၊ အရေးပေါ် ဆင်းသက်ရမည့် ကွင်း၊ လိုက်နာ ရမည့် ဥပဒေတွေ လုပ်ပေးရမယ်” ဟု ၎င်းက ရှင်းပြသည်။

ခရီးသည်တင် ပုဂ္ဂလိက ရဟတ်ယာဉ် ဝန်ဆောင်မှုဖြင့် ဗွီဒီယို ရိုက်ကူးခြင်း၊ လူနာတင်ခြင်းနှင့် ကယ် ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လာကြမည် ဖြစ်သဖြင့် ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရေး အတွက် ရဟတ်ယာဉ် ကြံ့ခိုင်ရေးနှင့် အခြားလိုအပ်သည်များ အားလုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ဆို သည်။

ပြည်တွင်း၌ ထူးကုမ္ပဏီမှ ပိုင်ဆိုင်သည့် ရဟတ်ယာဉ် နှစ်စင်း ရှိသော်လည်း ကိုယ်ပိုင်လုပ်ငန်းသုံး ယာဉ်များ သာ ဖြစ်သည့်အတွက် ယခု ရဟတ်ယာဉ်များ ပြေးဆွဲခွင့်ရရှိပါက ပြည်တွင်း၌ ပထမဆုံး ရဟတ်ယာဉ်ဖြင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်သိမ်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment