Tuesday 29 April 2014

ဟင်္သာတတွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ တစ်ရာခန့် ပြိုကျပျက်စီး


ဟင်္သာတမြို့နယ်ရှိ ခြင်ဘို့ ကျေးရွာအုပ်စုတွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ခတ်ခဲ့ သည့် လေပြင်းဒဏ်ကြောင့် မိနစ် သုံးဆယ်ခန့်အတွင်း ကျေးရွာ ရှစ်ရွာမှ အိမ်ခြေ တစ်ရာခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။အိမ်ထောင်စု ၃၂ စု ရှိသည့် ဆိပ်သာကျေးရွာတွင် အိမ် ၁၆ လုံး ပြိုကျကာ အိမ် ၁၆ လုံး ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု ၂၇ စု ရှိသည့် ကျွန်းဦးကျေးရွာတွင် အိမ် ၁၂ လုံး ပြိုကျခဲ့ပြီး ၁၅ အိမ် ပျက်စီးခဲ့ကြောင်း၊ အိမ်ထောင်စု ၂၃ စု ရှိသည့် ကျွန်းထိပ်ကျေးရွာတွင် အိမ်သုံးလုံး ပြိုကျကာ အိမ်ခြေ ၂၀ ထိ ပျက်စီးပြီး၊ အိမ်ထောင်စု သုံးစုရှိသည့် ဒါးကကျေးရွာတွင်၊ အိမ်တစ်လုံး ပြိုကျကာ အိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း၊ အိမ်ထောင်စု ၁၂ စု ရှိသည့် ကြွက်ကျွန်းကျေးရွာတွင် အိမ်နှစ်လုံး ပြိုကျကာ အိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု ငါးစုရှိသည့် ပေါက်တောကျေးရွာတွင် အိမ်တစ်လုံး ပြိုကျကာ အိမ်လေးလုံး ပျက်စီးခဲ့ကြောင်း၊ အိမ်ထောင်စု ခုနစ်စုရှိသည့် ပေါက်ကုန်းကျေးရွာတွင် အိမ်တစ်လုံး ပြိုကျကာ အိမ်ငါးလုံး ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁ စုသာရှိသည့် သဲရိုးကျေးရွာတွင် ပြိုကျ ပျက်စီးမှု မရှိဘဲ ထိခိုက်ပျက်စီးမှုသာ ရှိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်၌ ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်ပြီး ခရိုင်ဒေသန္တရ အရန်မီးသတ်အဖွဲ့၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်သာသနာရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ပညာရေး၊ ကျန်းမာရေးနှင့် နယ်မြေခံအမှတ် ၁၈ ခြေလျင်တပ်ရင်းတို့မှ ဝန်ထမ်းများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗျူဟာမှူး ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဝင်းကပြောကြားသည်။

“အိမ်တွေတင် ပြိုကျ ပျက်စီးခဲ့တာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်။ ဆိပ်သာကျေးရွာက ဘုန်းတော်ကြီးကျောင်းက ပျက်စီးမှု အကြီးမားဆုံးပဲ။ ကျွန်းဦးကျေးရွာက ဘုန်းတော်ကြီးကျောင်းလည်း ပျက်စီး မှု ရှိခဲ့တယ်” ဟု ဟင်္သာတခရိုင် သာသနာရေးမှူး ဦးမြင့်ဇော်က ပြောဆိုသည်။

“လေပြင်းတိုက်ခတ်ချိန်က ဆယ်မိနစ်လောက်ပဲ ရှိမယ်။ မိုးသီး အရင်ကြွေပြီးမှ လေတိုက်တာ၊ မိနစ်ပိုင်း တွင်း အိမ်တွေ ပြိုကျကုန်တာပဲ။ စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စုတွေကို နီးစပ်ရာ ဆွေမျိုးတွေနဲ့ ဘုရား တန်ဆောင်းတွေမှာ နေရာချထားပေးပြီးပါပြီ။ လွန်ခဲ့တဲ့ ၂၇ နှစ် (၁၉၇၉ ခုနှစ်) တုန်းက လည်း လေပြင်းတိုက်တာ ခံခဲ့ရဖူးတယ်” ဟု ဒေသခံ ဦးတိုးဝင်းက ရှင်းပြသည်။

လက်ရှိအချိန်၌ ဟင်္သာတမြို့ပေါ် ရပ်ကွက်များရှိ အလှူရှင်များထံက ရရှိသည့် အလှူငွေများဖြင့် လေပြင်း ဒဏ်သင့် ဒေသခံများကို ကူညီနိုင်ရန် စီစဉ်လျက်ရှိပြီး ကောက်ယူထားသည့် အိမ်ထောင်စု စာရင်း ဇယားများကို တိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် အစိုးရအဖွဲ့ သို့ တင်ပြမည်ဟု ဒုတိယဦးစီးမှူး ဦးဝင်းဇော်ဦးက ထပ်လောင်း ပြောဆိုသည်။

ခြင်ဘို့ကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ၁၃ ရွာဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာကြီး ဖြစ်ပြီး အိမ်ခြေ ၂၇၀၀ ဝန်းကျင်ခန့် ရှိကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment