Tuesday 29 April 2014

အစိုးရကို ထိန်းကျောင်းမည့် ကော်မတီများ ဖွဲ့စည်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ကန့်ကွက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ထိန်းကျောင်းရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း ပြီး ကော်မတီ ဖွဲ့စည်းခြင်း အဆိုကို အုပ်ချုပ်ရေး အဖွဲ့အစည်းဝင်က ကန့်ကွက်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက ပြောကြားသည်။
ဧပြီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တရား ဥပဒေ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည် ဖော်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ ပေါင်းစပ်ညှိနှိုင်းသော စီမံချက်များ ချမှန်ရန် အဆိုကို ဆွေးနွေးရာတွင် အစိုးရအဖွဲ့ဝင်များက ယင်းသို့ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်ရန်အတွက် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီနှင့် လွှတ်တော် ကတိကဝတ်များဆိုင်ရာ ကော်မတီ ကို ဖွဲ့စည်းရန် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးသော်လည်း အစိုးရအဖွဲ့ဝင် အချို့ ကန့်ကွက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးကျော်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များသည် အစိုးရသက်တမ်း သုံးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လွှတ်တော်တွင် လာရောက်ပြီး ပွင့်လင်းမြင်သာစွာ ဖြေရှင်း ဆောင်ရွက်လျက် ရှိသောကြောင့် လိုက်ပါစစ်ဆေးရန် ကော်မတီများ မလိုအပ်ကြောင်း စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ဆိုသည်။

“အားလုံးကို လွှတ်တော်မှာ အတည်ပြုခဲ့တာပါ။ နောက်ပြီး တိုင်ကြားစာတွေကိုလည်း အစိုးရ အဖွဲ့အစည်းများ အနေနဲ့ အမြန်ဆုံး ဖြေရှင်းလျက် ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် တရားဥပဒေ စိုးမိုးရေးကို အုပ်ချုပ်ရေးပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်မည်ကို ကြိုဆိုသော်လည်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် မလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်သော ကော်မတီများကို ဖွဲ့စည်းရန် ငြင်းပယ်ခြင်းမှာ ဒီမိုကရေစီ မဆန်သော လုပ်ရပ်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်း က ပြောကြား သည်။

“ကျုပ်တို့ လုပ်ချင်တာ လုပ်မယ်။ ခင်ဗျားတို့ ဝင်မပါနဲ့ဆိုတဲ့ သဘောမျိုးကို သက်ရောက်နေပါတယ်။ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ရှေ့ကို သွားနေတာလား နောက်ကို သွားနေတာလား ကွဲကွဲပြားပြား သိချင်ပါ တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ကော်မတီများ ဖွဲ့စည်းခြင်းကို ကန့်ကွက်သော်လည်း တရားဥပေဒ စိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ ပေါင်းစပ် ညှိနှိုင်းစီမံချက်များ ချမှတ် အကောင်အထည်ဖော်ရေး အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

တိုင်းဒေသကြီး လွှတ်တော်များတွင် သက်ဆိုင်ရာ ကော်မတီများ ဖွဲ့စည်းခွင့်ကို နည်းဥပဒေများတွင် ပြဋ္ဌာန်း ထားပြီး လိုအပ်ပါက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ ဖွဲ့စည်းရန်အတွက် နီးစပ်ရာ လွှတ်တော် ကျင်းပရက် သို့ အဆိုတင်သွင်းခွင့် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ထောက်ပြ ပြောဆိုသည်။

“အစိုးရအဖွဲ့က ငြင်းတာကို လက်ခံတယ်။ ဒါပေမဲ့ ဖွဲ့စည်းရန် သင့်မသင့်ကို လွှတ်တော်ကပဲ ဆုံးဖြတ်ရာ မှာလေ။ ဘာပဲဖြစ်ဖြစ် လွှတ်တော် ဆုံးဖြတ်တာကို ဆောင်ရွက်ပေးရမှာ အစိုးရအဖွဲ့ တာဝန်ပဲ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် များတွင် ကော်မတီများ ဖွဲ့စည်းနိုင်ရန် နည်းဥပဒေ များ ပြဋ္ဌာန်း ထားပြီး ပြည်ထောင်စု လွှတ်တော်အတွင်း ဖွဲ့စည်းထားသော ကော်မတီပေါင်း ၂၄ ခု ရှိကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment