Tuesday 22 October 2013

နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာ အမှုများတွင် မြန်မာနိုင်ငံ နစ်နာမှုများ ရှိဟုဆို

ပြည်ထောင်စု တရားစီရင်ရေး ဆိုင်ရာဥပဒေတွင် ပင်လယ်ရေကြောင်း တရားမမှု စီရင်ပိုင်ခွင့်များကို ထည့်သွင်း မထားသောကြောင့် နိုင်ငံတကာနှင့် ဖြစ်ပွားသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အမှုများ တွင် မြန်မာနိုင်ငံက နစ်နာလျက် ရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပင်လယ်ရေကြောင်းဆိုင်ရာ အမှုစီရင်ပိုင်ခွင့် အာဏာအပ်နှင်းရန် အတွက် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ပေးရေး အဆိုတင်သွင်းရာတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအမှတ် ၂၀/၂၀၁၀ တွင် ပါရှိသော ပြစ်မှုများဖြစ်သည့် ပင်လယ် ဓားပြမှု၊ နိုင်ငံတကာ ရေပြင်နှင့် ဝေဟင်ဖြတ်ကျော်မှုကိုသာ ထည့်သွင်းထားပြီး တရားမမှုများ ဖြစ်သည့် သင်္ဘောချင်း တိုက်မှုအတွက် လျော်ကြေး၊ သင်္ဘောဆွဲခ အငြင်းပွားမှု၊ နစ်မြုပ်သင်္ဘော ဆယ်ယူခ အငြင်းပွားမှု၊ သင်္ဘောပျက်နှင့် မျောပါပစ္စည်း အငြင်းပွားမှု၊ ခံဝန်ချုပ် ဖောက်ဖျက်မှုကဲ့သို့ အမှုများကို ထည့်သွင်းမထားကြောင်း ၎င်းကဆိုသည်။

၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သစ်လုံးတန်ချိန် ၃၀၀၀ ခန့် တင်ဆောင်လာသော ကိုရီးယား သင်္ဘော က မြန်မာ ငါးဖမ်းသင်္ဘောကို တိုက်၍ အိန္ဒိယသို့ ထွက်ပြေးခဲ့သော်လည်း မြန်မာနိုင်ငံက တရားစီရင်ခွင့် မရဘဲ ကိုရီးယားနိုင်ငံတွင်သာ တရားစွဲဆိုခဲ့ရကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင်လည်း ရန်ကုန်ဆိပ်ကမ်း ဆိုက်ကပ်ထားသော မြန်မာသင်္ဘောပေါ်ရှိ ကရိန်းနှင့် စင်ကာပူ အလံလွှင့်ထူထားသော သင်္ဘောပေါ်ရှိ ကရိန်းတိုက်မိရာမှ မြန်မာ သင်္ဘော ပျက်စီးမှုအတွက် စင်ကာပူသင်္ဘော ကပ္ပတိန်ကို တရားစွဲရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ခင်မောင်အေးက ဆိုသည်။

အဆိုပါ အမှုများတွင် မြန်မာနိုင်ငံသားများ နစ်နာခဲ့ရပြီး ယင်းသို့ နစ်နာ ရခြင်းမှာ ပြည်ထောင်စု တရား စီရင်ရေး ဥပဒေတွင်ပင်လယ်ရေကြောင်း ဆိုင်ရာ တရားမမှုများ ထည့်သွင်း မထားခြင်းကြောင့် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပင်လယ်ရေကြောင်းဆိုင်ရာ အမှုစီရင်ပိုင်ခွင့် အာဏာ အပ်နှင်းရေးအတွက် အမျိုးသားလွှတ်တော် က ဆွေးနွေး သင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၅) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးကံညွန့်က ပြောကြားသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဇယား (၁)၊ အပိုဒ် ၁၁ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပင်လယ်ဓားပြမှုများ၊ နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံတွင် ကျူးလွန်ပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်၍ မြေပြင်၊ နိုင်ငံတကာ ရေပြင် သို့မဟုတ် ကောင်း ကင်ယံ၌ ကျူးလွန်သော ပြစ်မှုများကိုသာ တရားစီရင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment