Tuesday 22 October 2013

ဗုံးပေါက်ကွဲ မှုများကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု နှောင့်နှေးရပ်တန့်မည် မဟုတ်ဘဲ အောင်မြင်သည်အထိ ဆောင်ရွက်မည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ နှောင့်နှေးရပ်တန့် မည်မဟုတ်ဘဲ အောင်မြင်သည်အထိဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အောက် တိုဘာ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင် ခဲ့ကြရာ ပေါက်ကွဲမှု ခုနစ်ကြိမ်နှင့် ဖော်ထုတ်သိမ်းဆည်းရရှိမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ သုံးဦး သေဆုံး၍ နိုင်ငံခြားသူတစ်ဦး အပါအ၀င် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူ အချို့အား ဖော်ထုတ်ရရှိခဲ့ပြီး (KNU) အဖွဲ့ရှိ စီးပွားရေး တာဝန်ခံအချို့ ဆက်စပ်ပါဝင်ခဲ့ကြောင်း တွေ့ရှိခဲ့သော်လည်း ပေါက်ကွဲမှုဖြစ်စဉ်မှာ KNU အဖွဲ့အစည်းနှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိဘဲ နိုင်ငံတော် အစိုးရနှင့် လုပ်ဆောင်လျက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ထိခိုက်မှုရှိစေရန် အဖွဲ့အစည်း အတွင်းရှိ အနည်းငယ်သော အင်အားစု အချို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် KNU အဖွဲ့အစည်း အနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU က အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များသည် KNU အောက်ခြေလူငယ်များနှင့် ဆက်စပ်ပတ်သက်မှု ရှိသည်ဟု ဆိုသော် လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုရှိမည် မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် သူများကို အရေးယူနိုင်ရန် အတွက် နိုင်ငံတော် အစိုးရနှင့် လက်တွဲ ဆောင်ရွက်မည်ဟု KNU မှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သုံးကြိမ်စီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီး အစိုးရ ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမှုတွင် ပါဝင်ရေးထိုးမည်ဟု ပြောကြားထားသည့် အဖွဲ့ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment