Tuesday 6 November 2012

Windows 8 အသုံးပြု Laptop နှင့် Tablet များ ပြည်တွင်းဈေးကွက်သို့ မကြာမီ ဝင်ရောက်မည်


 Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂ နိုဝင်ဘာလ ပထမအပတ်နှင့် ၂၀၁၃ နှစ်ဦးပိုင်းများတွင် ဝင်ရောက်လာဖွယ် ရှိကြောင်း အဆိုပါ ပစ္စည်းများကို တင်သွင်း ရောင်းချသည့် ကုမ္ပဏီများမှ  တာဝန်ရှိ သူများ က ပြောသည်။  “နိုဝင်ဘာလ ပထမပတ်လောက်ဆိုရင် Windows 8 အသုံးပြု Laptop နဲ့ Tablet တွေ ဈေးကွက်ထဲကို ဝင်ရောက်ပါပြီ။ Windows 8 အသုံးပြုထားတဲ့ Acer Aspire S7 Ultrabook နဲ့ Acer Iconia W511 Tablet တွေ ဝင်ရောက်မှာပါ။ Acer Aspire S7 Ultrabook မှာ စကရင်က Touch စနစ် ဖြစ်သွားပါတယ်။ စကရင်ကို ၁၈၀ ဒီဂရီအထိ လှန်ပြီးတော့လည်း ကြည့်လို့ရပါတယ်။

Acer Iconia W511 Tablet ကတော့ Intel Atom processor ကို အသုံးပြုထားတဲ့အတွက် Netbook တစ်လုံးကဲ့သို့ မြင့်မားတဲ့ စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Tablet အနေနဲ့ အသုံးပြုနိုင်သလို Docking နဲ့ ချိတ်ဆက်ပြီးတော့လည်း Netbook တစ်လုံးကဲ့သို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Acer အမှတ်တံဆိပ် ကွန်ပျူတာများကို တင်သွင်း ရောင်းချသည့် ရွှေလမင်းနဂါး ကုမ္ပဏီလီမိတက်မှ Marketing Manager  ကိုအောင်သူရက ပြောသည်။

“၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ Windwos 8 အသုံးပြုထားတဲ့ MSI S20 Tablet ကို စတင် တင်သွင်း ဖြန့်ချိမှာပါ။ Tablet က Keyboard တွဲဖက်ပါဝင်တဲ့ Slide ပုံစံ ဖြစ်ပါတယ်။ Keyboard သုံးချင်တဲ့ အချိန်မှာ ဆွဲထုတ် အသုံးပြုနိုင်ပြီး မလိုအပ်ဘူးဆိုရင် ပြန်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Tablet မှာ 3rd Gen Ivy  bridge processor အသုံးပြုထားပါတယ်” ဟု MSI အမှတ်တံဆိပ် ကွန်ပျူတာများကို တင်သွင်း ရောင်းချသည့် Royal Smart Co.,Ltd မှ Marketing Manager ကိုကောင်းမြတ်ထွန်း က ပြောသည်။ “ကျွန်တော်တို့ ASUS အမှတ်တံဆိပ် အနေနဲ့ကတော့ Windows 8 နဲ့ ပတ်သက်ပြီး Notebook နဲ့ Tablet ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်တဲ့ ASUS Taichi ကို တင်သွင်းမှာပါ။ သူကတော့ Notebook အဖြစ်လည်း အသုံးပြုနိုင်သလို Screen ကို လှန်ပြီးတော့လည်း Tablet အဖြစ် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ နောက်တစ်လလောက် နေရင် မြန်မာပြည် ဈေးကွက်ထဲကို ဖြန့်ချိနိုင်မယ်လို့ ထင်ပါတယ်” ဟု Golden Power Technology မှ ဒါရိုက်တာ ကိုသန့်ဇင်ထွေးက ပြောသည်။ Windows 8 မိတ်ဆက်ပွဲ ကို အောက်တိုဘာလ ၂၆ ရက်နေ့က ကမ္ဘာအရပ်ရပ်တွင် ကျင်းပပြုလုပ်ခဲ့သလို အဆိုပါနေ့ရက်တွင် Acer မှ Acer Windows 8 Product Launching ကို ပြုလုပ်ခဲ့သည်။
ref: InternetJournal

No comments:

Post a Comment